Monday, February 20, 2023

ဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ဖြင့် ပန်းတိုင်သို့ချီရာတွင်


နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီး၊ မြေရေအရင်းအမြစ်များနှင့် မြေပေါ်မြေအောက် သယံဇာတ စသည်တို့သာမက ကောင်းမွန်သည့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုများ၊ လူတို့၏ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း တိုးမြှင့်ပေးမှုများနှင့် ပြည်သူလူထုအတွင်း မြင့်မားသော ရည်ရွယ်ချက်အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ နိုးကြားထက်သန်မှုများ ရှိနေခြင်းတို့လိုအပ်သည်။ ငွေကြေးနှင့် သယံဇာတ အရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်က ပို၍ပင်အရေးကြီးသည်ဟူ၍ ပညာရှင်များက အသိအမှတ်ပြုကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကမ္ဘာပေါ်တွင် လူမျိုး၏အရည်အသွေးကိုလိုက်၍ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကွာခြားသည်ဟူသောအယူအဆကို အချို့သောသုတေသီများက ဖော်ထုတ်ခဲ့ကြပြီး ယင်းကဲ့သို့ လူမျိုးအရအရည်အသွေး နိမ့်မြင့်ကွာခြားမှုသည် ဗီဇအရဖြစ်သည်ဟူ၍လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်သည်ဟူ၍လည်းကောင်း သုတေသီများအတွင်း ဝိဝါဒကွဲပြားခဲ့ကြသည်။ မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းနှင့် စပ်လျဉ်း၍ လူမျိုး၏ အရည်အချင်း၊ အရည်အသွေး ကြောင့် မဟုတ်ကြောင်း နိုင်ငံ၏သမိုင်းကြောင်းကို ပြန်လည်လေ့လာခြင်းဖြင့် သုံးသပ်တွေ့ရှိနိုင်သည်။ မြန်မာလူမျိုးတို့သည် ပတ်ဝန်းကျင်နိုင်ငံများမှ လူမျိုးများနှင့် နှိုင်းယှဉ်ပါက အရည်အသွေး၊ အရည်အချင်း နိမ့်ကျခဲ့ခြင်းမရှိသည့်အပြင် ဩဇာဖြန့်ကြက် လွှမ်းမိုးနိုင်စွမ်းရှိခဲ့သူများ ဖြစ်သည်။

ယနေ့ မိမိတို့နိုင်ငံနှင့် မိမိတို့လူမျိုး ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်ခဲအကျပ်အတည်း၊ စိန်ခေါ်မှုများ အားလုံး သည် ကိုလိုနီခေတ်တွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရရှိ ပြီးသည့်နောက်ပိုင်းကာလ ဆယ်စုနှစ်များတွင် လည်း ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ အာရှမှ သယံဇာတပိုင်ဆိုင်မှုအားနည်းသောနိုင်ငံများ အာရှကျားများအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်စွမ်းကိုယ်စဖြင့် ရုန်းထွက်လိုသည့် စိတ်ဓာတ်များ နိုးကြားတက်ကြွရေးတို့ကို နိုင်ငံ့ခေါင်းဆောင်များက ဆောင်ရွက်ခဲ့ကြသလို နိုင်ငံသားပြည်သူ လူထုကလည်း စိတ်ရောကိုယ်ပါ ကြိုးပမ်းလုပ်ကိုင်ခဲ့ကြခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးကာလ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများကိုလိုနီခေတ်မှ ဒဏ်ရာဒဏ်ချက် များကို ကုစားကာ ရုန်းထလိုသော စိတ်ဓာတ်ဖြင့် နိုင်ငံကိုတည်ဆောက်နိုင်ခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြီ ဖြစ်သည်ကို မိမိတို့နမူနာယူကာ နိုင်ငံရေးပဋိပက္ခသံသရာကိုအဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့ ကျကျ ဆောင်ရွက် သင့်ကြပြီဖြစ်သည်။

နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သည် ယင်းလူ့အဖွဲ့အစည်း အတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် စိတ်ဓာတ်များ ပျံ့နှံ့နေရန် လိုအပ်သည်ဟု ပညာရှင်များက မိန့်ဆိုထားသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာ လွန်စွာကြီးမား ကျယ်ပြန့်လှပြီး အဓိကဖန်တီးသူများဖြစ်ရာ နိုင်ငံအကြီးအကဲနှင့်တကွ ဒေသအလိုက်၊ လူမျိုးစုအလိုက် အကြီးအကဲများ၊ ခေါင်းဆောင်များ၏ မှန်ကန်သော ဦးဆောင်မှုနှင့် ပြည်သူလူထု၏ တက်ကြွစွာလိုက်ပါ ဆောင်ရွက်မှုများက နိုင်ငံကိုဖွံ့ဖြိုးတိုးတက်သည့် ပန်းတိုင်သို့ရောက်ရှိ စေမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment