နေပြည်တော် ဖေဖော်ဝါရီ ၁၆
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် အတွက် ယနေ့နံနက်တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။ အဆိုပါခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ရုံးက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်၏ အစီအစဉ်တစ်ခုအဖြစ် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံး၌ “Presentation on MLC Special Fund Projects in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၌ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို မြင်သာစေရုံသာမက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား ပိုမိုခိုင်မာစေရေးအတွက် သတင်းအချက်အလက်များ၊ အလေ့အကျင့်ကောင်းများ၊ သဘောထားအမြင်များနှင့် စိတ်ကူးအကြံဉာဏ်များကို ချစ်ခင်ရင်းနှီးစွာ ဖလှယ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ စိတ်ချယုံကြည်ရမှု စသည့်စံနှုန်းများကို အခြေခံသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းစဉ်သည် မဲခေါင်-လန်ချန်းဒေသရှိ ပြည်သူများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးရလဒ်များကို အောင်မြင်စွာဖော်ဆောင်ပေးလျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကသော့ချက်ပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းတန်ဖိုးရှိ အထူးရန်ပုံငွေ စီမံကိန်း ၉၂ ခုကို ပေးအပ်ခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့(မြန်မာ)ကို ကူညီထောက်ပံ့ပေးနေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ သံရုံးကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကူညီပေးမှုအတွက် မဲခေါင်နိုင်ငံ များကိုလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)၏ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု၊ ပြီးစီးမှုနှင့် အကျိုးရလဒ်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ ဝန်ကြီးဌာနများ၏ ရှင်းလင်းဆွေးနွေးမှု အပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၌ ရှေ့ဆက် ဆောင်ရွက်မည့် လမ်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စား လှယ်အဖွဲ့များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများအနက် တစ်ခုဖြစ်သော စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းအချက် အလက်စင်တာသို့ သွားရောက် လေ့လာကြသည်။
အစာရေစာများ ကျွေးမွေး
ထို့နောက် ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို ကြပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့ပြင် စေတီတော်အနီးရှိ ရဋ္ဌနန္ဒက ဆင်ဖြူတော်လေးအပါအဝင် ဆင်ဖြူတော်များရှိရာသို့ သွားရောက် ကြည့်ရှုကြပြီး အစာရေစာများ ကျွေးမွေးကြသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်ကိုယ်စားလှယ် အဖွဲ့များကို M-Gallery ဟိုတယ်၌ ကြိုဆို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment