Friday, February 17, 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 


နေပြည်တော် ဖေဖော်ဝါရီ ၁၇

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တတ်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။ ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသည့် အချက်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ  အဆိုပြုတင်ပြပြီးနောက် ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်တွေ့ရှိချက်များကို တစ်ချက်ချင်းအလိုက် အလွတ်သဘောပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပြုချက်များအပေါ် တက်ရောက်လာသူများက မိမိတို့၏သဘောထားများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြသည်။  ထို့နောက် နိုင်ငံရေးပါတီအစုအဖွဲ့ ပြန်လည်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ တည်ထောင်ပြီး နောက်ပိုင်း ယခုကဲ့သို့ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်မည့်အခြေအနေကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယင်းနောက် ယနေ့တွေ့ဆုံဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထားများအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်ကမ္ဘာ့ရေးရာ၊ မြန်မာရေးရာနှင့် တိုင်းရင်းသားရေးရာစာအုပ်များကို လက်ဆောင်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment