Thursday, February 23, 2023

ငှက်ဖျားရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့နှင့်စပ်လျဉ်း၍ မဖြစ်မနေသတင်းပေးပို့ရေး ထုတ်ပြန် ကြေညာခြင်း အခမ်းအနားကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ  ၂၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ငှက်ဖျားရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့ နှင့်စပ်လျဉ်း၍ မဖြစ်မနေသတင်းပေးပို့ရေး ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရည်မှန်းချက်ထားဆောင်ရွက်

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသော ဖယ်စီပါရမ် ငှက်ဖျားပိုးတွေ့သူလုံးဝမရှိစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် လူအချင်းချင်းကူးစက်သော ငှက်ဖျားပိုးတွေ့လူနာ လုံးဝမရှိစေရန် ရည်မှန်းချက်ထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါ ကာကွယ် ထိန်းချုပ်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၃၀) (Global Technical Strategy for Malaria 2016-2030)ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ငှက်ဖျား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ငှက်ဖျားရောဂါရှာဖွေကုသရာတွင် ငှက်ဖျားပိုးတွေ့ရှိပါက ငှက်ဖျားရောဂါကူးစက်မှုကို ဖြတ်တောက်ရန်အတွက် ပိုးတွေ့ရှိပြီးချိန်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာဒေသရှိ ကျန်းမာရေးဌာနသို့ မဖြစ်မနေ သတင်းပေးပို့ရန် လိုအပ်ကြောင်း။

ကဏ္ဍအသီးသီးမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများအနေဖြင့် ငှက်ဖျားသွေးဖောက် စစ်ဆေးကုသပေးခြင်းအစီရင်ခံစာကို သက်ဆိုင်ရာ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ လစဉ်ပေးပို့ရမည်ကို သိရှိစေရန်နှင့် ငှက်ဖျားပိုးတွေ့လူနာတွေ့ရှိပါက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ငှက်ဖျားပိုးတွေ့လူနာနှင့်ပတ်သက်သော သတင်း အချက်အလက်များကို တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာတိုသတင်းပို့ခြင်း (SMS)ဖြင့်ဖြစ်စေ ၂၄ နာရီ အတွင်း မဖြစ်မနေသတင်းပေးပို့ရမည်ကို ကျယ်ပြန့်စွာသိရှိစေရန် အသိပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

ဟန်ချက်ညီညီလက်တွဲ လုပ်ကိုင်

ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးလုပ်ငန်း (Malaria Elimination) သည် မြန်မာနိုင်ငံ အပါအဝင် “မဟာမဲခေါင်ဒေသ (၆)နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျားကူးစက်မှု ပပျောက်ရေး ဆောင်ရွက်မည်” ဆိုသည့် ကတိကဝတ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သဖြင့် ကဏ္ဍအသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းတိုင်းက ရည်မှန်းချက်တူ၊ ရည်ရွယ်ချက်တူ၊ နည်းဗျူဟာ တူညီစွာဖြင့် ဟန်ချက်ညီညီ လက်တွဲလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ငှက်ဖျားကူးစက်မှုပပျောက်ရေး နည်းဗျူဟာများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အသိပေးဆွေးနွေးခြင်းနှင့် သင်တန်းများပို့ချခြင်း၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခြင်း၊ စီမံချက်နည်းဗျူဟာ ချမှတ် ခြင်း၊ သတင်းအချက်အလက် စီမံခန့်ခွဲခြင်းတို့ကို စနစ်တကျ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ကြောင်း မှာကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေရည်ရည်လင်းက မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ငှက်ဖျားရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့နှင့် စပ်လျဉ်း၍ မဖြစ်မနေ သတင်း ပေးပို့ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ငှက်ဖျားရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုသည်။

 အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး / ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာနိုင်ငံ)၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့နှင့် ငှက်ဖျားမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment