Sunday, February 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

 




 



အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့သည့်အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့်အခြေအနေများ၊ ဒီမိုကရေစီအစိုးသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့်အခြေအနေများ၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်သင့်သလောက် မဖြစ်ခဲ့ရသည့် အခြေအနေများ၊ ပြည်သူလူထုမှမျှော်လင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့၍ ရွေးကောက်ပွဲအပေါ် အယုံအကြည်မဲ့လာပြီး No Vote လှုပ်ရှားမှုများပေါ်ပေါ်လာသဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေး မိမိကိုယ်တိုင်ဆန္ဒမဲပေးကြရေးအတွက် ပြောကြားခဲ့ရသည့်အခြေအနေများ၊ တစ်ဖက်အဖွဲ့အစည်းအနေဖြင့်လည်း ၎င်းအခြေအနေများကြောင့် မဲအနိုင်မရမည်ကိုစိုးရိမ်ပြီး ဆောင်ရွက် ခဲ့သည့်ကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မည်သည့်နိုင်ငံဖြစ်စေ အမြဲမပြတ် ကြိုးပမ်း အားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မည်သည့်အစိုးရကအုပ်ချုပ်သည်ဖြစ်စေ တပ်မတော်အနေဖြင့်  နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ အစဉ်ဦးထိပ်ထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစုသိရှိနိုင်ရန် ယခုကဲ့သို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများမြင့်တက်လာစေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ အရည်အသွေးများမြင့်မားစေရေး၊ အဆင့်နှင့်‌လျော်ညီသည့် အတတ်ပညာနှင့် ပညာရပ်များရရှိစေရေး သက်ဆိုင်ရာအဆင့်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စစ်သည်များအနေဖြင့်လည်း ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကိုမဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကြပ်ထားခြင်းမဟုတ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာ ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း။

လူသာလျှင် ပဓာန

မည်သည့်ကိစ္စတွင်မဆို လူသာလျှင် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် “လူသာလျှင် ပဓာန” ဟု ဆိုကြခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးကိစ္စအားလုံး၌ လူပါဝင် ဆောင်ရွက်ရပြီး လူ၏ဦးဆောင်မှု၊ လူ၏လိုက်နာဆောင်ရွက်မှု၊ လူ၏ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းမြင့်မားနေစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိဘဝတိုးတက်ရေးအတွက် မိမိသာလျှင်အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့်လည်း အရည်အသွေး၊ အရည်အချင်းများကောင်းမွန်အောင် နေထိုင်ဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊ တပ်မတော်သားများအားလုံးသည် အခြေခံအားဖြင့် စစ်အတတ်ပညာများသင်ကြားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲဝင်နိုင်ရန်အတွက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ထုတ်ပေးထားသည့် လက်နက်များကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်စေရေး တပ်မတော်မှ အဆင့်ဆင့်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို စစ်စည်းကမ်း ကောင်းမွန်စေရန်နှင့် အမိန့်နာခံတတ်မှုရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စစ်စည်းကမ်း လိုက်နာပြီး မိမိအရည်အသွေးကို အမြဲထက်မြက်နေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မိမိကိုယ်ကို မိမိမြှင့်တင်ရမည်၊ ဦးစီးခေါင်းဆောင်များ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည်

မိမိတို့တစ်ဦးချင်း၏ ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်နှင့် လေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိရန်အတွက် မိမိကိုယ်ကို ထိန်းထိမ်းသိမ်းသိမ်းနေပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် သွားလာနေထိုင်စားသောက်မှုရှိရမည်ဖြစ် ကြောင်း၊ လူတို့တွင် တစ်ဦးချင်း၏ အရည်အသွေးတိုးတက်ရန်မှာ မိမိကိုယ်တိုင်နှင့်ပင် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်သဖြင့် မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်နိုင်ရန်လိုကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ကြိုးစားအားထုတ်မည်ဆိုပါက မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝများသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦးသည် ဘဝဖြတ်သန်းပုံခြင်းတူညီမှု ရှိမည်မဟုတ်သော်လည်း တပ်မတော်သားအများစုသည် အများနှင့်နေထိုင်သွားလာရသည်ဖြစ်သဖြင့် မိမိ၏ အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများထံမှ ကောင်းမွန်သည့်အချက်များ၊ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိဘဝတိုးတက်ရေးအတွက် အကျိုးရှိရှိအသုံးချရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဖေးမဆောင်ရွက်ရန်လိုပြီး မဖြစ်သင့်သည် မလုပ်သင့်သည်များကို အချင်းချင်း တည့်မတ်ထိန်းကြောင်းပေးရမည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်သည့်သူများအနေဖြင့်လည်း မိမိတို့ဦးဆောင်ရသည့် တပ်ဖွဲ့ကိုညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုပြီး တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်ဖြင့် အုပ်ချုပ်ရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင်ပြုနေသူများအနေဖြင့် မိမိတို့၏ မိသားစု၊ မိမိတို့၏ တပ်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ကောင်းမွန်သည့် ထိန်းသိမ်းမှုများပြုကြရန် လိုကြောင်း။

တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံ၌လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊ သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စဉ်ဆက်မပြတ် ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုများ နောက်ကျလျက်ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၌ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အောင်မြင်အောင် စဉ်ဆက်မပြတ် အကောင်အထည်ဖော်စေခြင်းမှာလည်း စားရေးသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ရန်အတွက်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ပညာရည်မြင့်မားရေး အားပေးမြှင့်တင်ရမည်

မိမိတို့ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက်ကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်စေရေးအတွက် ယခင်စာသင်နှစ် သင်ခန်းစာများကို ပြန်လည်ဖတ်မှတ်စေခြင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ စာပေ ဖတ်မှတ်လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံးရရှိသွားအောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စစ်သည်များအနေဖြင့်လည်း မိမိတို့၏ အတန်းပညာများ မြင့်မားရေးအတွက် တပ်မတော်ပညာရေးကျောင်းများတွင် မှန်မှန်ကန်ကန် တက်ရောက်သင်ကြားသွားရန်လိုကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်း စွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့်စွမ်းပကားမြင့်မားအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစွမ်းရည်များကိုအသုံးချ၍ တပ်မတော် တစ်ရပ်လုံး စွမ်းရည်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment