Sunday, February 19, 2023

ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူအများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြပြီး သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တ ပညာဇောတ၊ သာသနာဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ အနုမောဒနာ တရားနာကြားကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်ကြီး အား အရုဏ်ဆွမ်းဆက်ကပ်လှူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဩဝါဒါ ဆရာတော်ကြီးများနှင့်အတူတကွ မြတ်မော်တင်တောင်ခြေနှင့် အနီးဝန်းကျင်ကျေးရွာများတွင် သီတင်းသုံးတော် မူကြသော သံဃာတော်အပါး ၂၀၀ တို့အား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ လောင်းလှူ ပူဇော်ခဲ့ကြပြီး ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး တောင်ခြေတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ပူဇော်၍ ဖောင်တော်အား ရေမျှောပူဇော်ကုသိုလ်ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ မဟာမကုဋသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာ အခမ်းအနားအား ဗုဒ္ဓါဘိသေက မင်္ဂလာဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်အခါတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်း၍ စေတီတော်မြတ်ကြီးအား လကျ်ာရစ်လှည့်လည် ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment