Monday, February 27, 2023

ကြားပွဲစားရှောင်ကြဉ်၊ ကိုယ်တိုင်ဆောင်ရွက်

 


ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ခေါ် Overseas Worker Identity Card လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပွဲစားများ/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ မိမိကိုယ်တိုင်တင်ပြလျှောက်ထားကြရန် သက်ဆိုင်ရာဌာနဖြစ်သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ အလားတူပင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံကူးလက်မှတ်များကို Online Booking စနစ်ဖြင့် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)၌ ကျင့်သုံးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းနှင့် မည်သူမဆို လွယ်ကူစွာလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် သက်ဆိုင်ရာဌာနက မီဒီယာမှတစ်ဆင့် အများပြည်သူထံသို့ အသိပေးပန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အများပြည်သူဝန်ဆောင်မှုဆိုင်ရာဌာနများတွင် အထက်ပါအတိုင်းကြားပွဲစားများကို တွေ့ရလေ့ရှိပြီး လိုင်စင်အတွက်၊ ပါမစ်အတွက်၊ ကတ်ပြားအတွက်စသည်ဖြင့် ဝန်ဆောင်မှုရယူလိုသူထံမှ ရုံးဌာနများအနီးတွင် တွေ့ရလေ့ရှိသည့် ပွဲစားဆိုသူများက အပြီးအစီးမည်ရွေ့မည်မျှဟူ၍ ငွေကြေးရယူကာ ဆောင်ရွက်ပေးကြခြင်းဖြစ်ပြီး တစ်ခါတစ်ရံအတုအယောင်၊ အလိမ်အညာများနှင့်ပင် တွေ့ရတတ်သည်။ အများပြည်သူတို့တွင် ရှိတတ်သည့် အားနည်းချက်များဖြစ်သော ရုံးပြင်ကနားနှင့် စာရွက်စာတမ်းလိုအပ်ချက်များအပေါ် နားမလည်မှု၊ ရုံးလုပ်ထုံးလုပ်နည်းများကလည်း အဆင့်ဆင့်များပြားမှုနှင့် ဝန်ထမ်းအချို့၏ အားနည်းချက်များ စသည်တို့ကြောင့် ပွဲစားများပေါ်ပေါက်လာရခြင်းဖြစ်သလို အကျင့်ပျက် ဝန်ထမ်းအချို့ကြောင့်လည်း ပွဲစားများ ပေါ်ပေါက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။

အကျိုးဆောင်ခရယူဆောင်ရွက်နေသည့် ပွဲစားများအနေဖြင့် ၎င်းတို့ထံတွင် အလုပ်အပ်ရန်သာ ကြိုးပမ်းမည်ဖြစ်ရာ မည်မျှခက်ခဲကြောင်း၊ မည်မျှရှုပ်ထွေးကြောင်းနှင့် မပေးဘဲလုပ်ပါက မည်မျှကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားကြမည်ဖြစ်ပြီး ဌာန၏ဂုဏ်သတင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းတို့၏ ဂုဏ်သိက္ခာမှာ ပွဲစားတို့ပါးစပ်ဖျားမှ ပုံဖော်သည့်အတိုင်းသာ အများပြည်သူတို့က ထင်မြင်လာကြမည်ဖြစ်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အသိပေးကြေညာချက်တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ခွင့်ပြုဆောင်ရွက်ပေးရာတွင် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက် အတွင်း အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိပြီး လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ တောင်းခံရာတွင် အလုပ်သမားများ အလွယ်တကူသိရှိနားလည် ရယူပေးနိုင်သည့် စာရွက်စာတမ်း အထောက်အထားများကိုသာ တောင်းခံခြင်းဖြစ်၍ ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ ကိုယ်တိုင်လျှောက်ထားကြရန်ဖော်ပြထားသကဲ့သို့ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) Online Booking လျှောက်ထားမှုတွင်လည်း မည်သူမဆို လွယ်ကူစွာ‌လျှောက်ထားနိုင်ရန်စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင် လျှောက်ထားခြင်းမပြုရန် အသိပေးနှိုးဆော်ထားသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားခြင်းကိစ္စ၊ မြန်မာနိုင်ငံကူးလက်မှတ်များ Online Booking စနစ်သစ်ဖြင့် လျှောက်ထားခြင်းကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူအတွက် ဝန်ဆောင်မှုပေးရာတွင် ပြည်သူကို ဗဟိုပြုသော ပြည်သူ့အကျိုးသယ်ပိုးမှုတို့ ထင်ရှားစွာတွေ့မြင် နိုင်ကြောင်းနှင့်ဌာနများ၏ ဝန်ဆောင်မှုများကို ရယူကြရာတွင် ကြားခံပွဲစားများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့မှ ရှောင်ကြဉ်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment