Monday, February 13, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပြီးစီး

 

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ရှိပြီး ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန်ကျန်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပင့်ဆောင်ရေးလုပ်ငန်းစဉ်များအလိုက် ပင့်ဆောင်ခဲ့ရာ ယနေ့နံနက် ၂ နာရီ ၄၃ မိနစ်တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထုဆစ်ပူဇော်ထားရှိသည့် ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသော သာသနိကအဆောက်အဦများကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ၊ သာသနိကအဆောက်အဦများ တည်ဆောက် ရေးလုပ်ငန်းများကို တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး ညချမ်းချိန်ခါများတွင်လည်း အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ်မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment