Friday, February 24, 2023

လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၄

လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ ရွှေတိဂုံစေတီတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။ ဦးစွာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ စုရပ်ပြုလုပ်၍ နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို စေတီတော်ရင်ပြင်တွင် လက်ယာရစ်လှည့်လည်ပူ ဇော်ကြသည်။ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယပွဲတော်ကို ဆက်လက်ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပွဲတော်ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျသဘာပတိဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ဗုဒ္ဓပူဇနိယမင်္ဂလာအဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။

ဆက်လက်၍ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် သြဝါဒါစရိယဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဂေါပကအဖွဲ့၀င်များနှင့် ဧည့်သည်တော်များက ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဂေါပကအဖွဲ့တာ၀န်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မဟာပဋ္ဌာန်းပစ္စယ နိဒ္ဒေသဒေသနာတော်များကို သြဝါဒါစရိယဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ တက်ရောက်လာကြသူများ၊ အာရုံခံမုခ်ဦး (၄)ခုတွင် နေရာယူထားကြသော ပရိသတ်အမျိုးလေးပါးတို့က ရွတ်ဖတ်ပူဇော်၍ ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်က မဟာပဋ္ဌာန်းဒေသနာတော်ကို အသံမစဲဆက်လက်ရွတ်ဖတ်ပူဇော်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် သံဃာတော် ၁၂၀ ပါးတို့က ယနေ့နံနက် ၉ နာရီမှ မတ် ၅ ရက် နံနက် ၉ နာရီအထိ ၉ ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး မတ်လ ၄ ရက် အဖိတ်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ(၁၁၇)ပါး၊ သီလရှင်(၂၇)ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှစ၍ ရင်ပြင်တော်ပေါ် လက်ယာရစ်တပတ် ဆွမ်းဆန်တော်လောင်းလှူခြင်း၊ မတ်(၅)ရက် တပေါင်းလပြည့်နေ့ နံနက်(၅)နာရီခွဲတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း၍ နံနက်(၉)နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရဟန်းရှင်လူပြည်သူများမှ အနုမောဒနာ ပြုနိုင်ကြရန်နှင့် ပါ၀င်လှူဒါန်းကုသိုလ်ပြုနိုင်ကြရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားကြောင်းသတင်းရရှိသည်။

No comments:

Post a Comment