Saturday, February 11, 2023

ယုံကြည်မှုဖြင့် စည်းလုံးညီညွတ်မှုတည်ဆောက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီကာလကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့သည့်နိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု တစ်ရာကျော်တို့သည် သမိုင်းစဉ်တစ်လျှောက် အေးအတူပူအမျှ အခြေချနေထိုင်လာကြပြီး ကမ္ဘာ့အလယ်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ခိုင်မြဲစွာရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ ထိုသို့ နှစ်ပေါင်းထောင်ချီ အရှည်တည်တံ့စွာ ရပ်တည်နေထိုင်လာခဲ့ခြင်းသည် တိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှု အရင်းခံအကြောင်းကြောင့်ဖြစ်သည်မှာ အငြင်းပွားစရာမရှိပါ။

သို့သော် နယ်ချဲ့အင်္ဂလိပ်တို့က သုံးကြိမ်တိုင်တိုင် မတရားကျူးကျော်စစ်ဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်မှာ စည်းလုံးညီညွတ်မှုနှင့် တပ်မတော်အင်အား တောင့်တင်းခိုင်မာမှု အားနည်းသောကြောင့်ဖြစ်ခဲ့သည်မှာ ငြင်းဆိုဖွယ်ရာမရှိပါ။ နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သောတိုင်းပြည်ကို ပြန်လည်လွတ်မြောက်ရန်အတွက် တိုင်းရင်းသားပြည်သူများ အားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တမ်းများပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့လေးတွင် စည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုတို့ကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သလို မျက်မှောက်ကာလတွင်လည်း ပင်လုံညီညွတ်မှုကဲ့သို့ စည်းလုံးမှုကို အမြန်တည်ဆောက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ဒေသအများစုမှာ ငြိမ်းချမ်းသာယာဝပြောလျက်ရှိသော်လည်း အချို့ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်သောင်းကျန်းမှုများရှိနေသောကြောင့် ထိုဒေသရှိ တိုင်းရင်းသားပြည်သူများမှာခက်ထန်ကြမ်းတမ်းသောဘဝများ၊ ခါးသီးသောအခြေအနေများနှင့် ကြုံတွေ့နေရသည်။ ယနေ့တိုင်းရင်းသားပြည်သူများ၏ မိဘဘိုးဘေးဘီဘင်များက ခိုင်မာသည့် စည်းလုံးညီညွတ်မှုသန္နိဋ္ဌာန်ဖြင့် လွတ်လပ်ရေးကို စွန့်လွှတ်စွန့်စားရယူပေးခဲ့ကြသော်လည်း လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ မခံစားနိုင်ကြသေးပေ။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတိုးတက်ရေးမှာလည်း အလှမ်းဝေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

စည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးကြီးသကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ကြီးမားသော မောင်းနှင်အားဖြစ်သည်။ အေးချမ်းသာယာဝပြောသည့်နိုင်ငံ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများကိုကြည့်လျှင် နိုင်ငံသူ နိုင်ငံသားတို့သည် သဘောထားအမြင်နှင့် ခံယူချက်များ မတူကွဲပြားကြသော်လည်း တိုင်းပြည်၏ ဘုံအကျိုးစီးပွား (ဝါ) အမျိုးသားအကျိုး စီးပွားအတွက် စည်းလုံးညီညွတ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံးသည့်ကာလမှစ၍ ကမ္ဘာ့နိုင်ငံများသည် ပဋိပက္ခအမျိုးမျိုးရှိခဲ့ သော်လည်း ငြိမ်းချမ်းရေးဖြင့်အဆုံးသတ်၍ မိမိတို့နိုင်ငံကို စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် တည်ဆောက်ခဲ့ကြသည်ကို သတိမူရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားနည်းမှု၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲမှုတို့ကြောင့် ပြည်ထောင်စုကြီး၏ ဘုံအကျိုးစီးပွားကို လျစ်လျူရှုပြီး အချင်းချင်းအမုန်းပွားကာ ပဋိပက္ခများဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်စေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများခံစားနေကြရ၍ ပဋိပက္ခများကို အမြန်ဆုံးချုပ်ငြိမ်းစေလိုသည်မှာ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒအမှန်ဖြစ်သည်။ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ အားလုံးအတူတကွနေထိုင်လိုခြင်းသည် တိုင်းရင်းသားပြည်သူအားလုံး၏ တူညီပြင်းပြသော ဆန္ဒအမှန်ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ခွင့်လွှတ်မှု၊ အပြန်အလှန်ယုံကြည်မှုများကိုအခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို တစ်ရက်စောတည်ဆောက်နိုင်လျှင် တိုင်းရင်းသားပြည်သူများအတွက် တစ်ရက်စော၍ အကျိုးရှိမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ၂၀၂၃ ခုနှစ်ကုန်အထိ ငါးနှစ်တိုင်တိုင် ရပ်စဲပေးထားပြီး ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သော စစ်ပွဲ၊ တိုက်ပွဲများကိုရှောင်ရှား၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်၌ အစဉ်တစိုက်အဖြေရှာနိုင်ရေး တံခါးဖွင့်ပေးထားသည်။ မိမိတို့ဆန္ဒ၊ မိမိတို့အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုအကျိုး စီးပွားကိုရှေးရှုကာ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရမည့်အချိန်အခါဖြစ်သည်။

 သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှ အခွင့်အရေးရမှုဟူသည့် အနှစ်သာရများပြည့်ဝသော ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက် စည်းလုံးညီညွတ်ခြင်း ယုံကြည်ချက်ဖြင့် လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။                   

No comments:

Post a Comment