Wednesday, January 25, 2023

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်

 


နေပြည်တော် ဇန်နဝါရီ ၂၄

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များ ရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ရှိ မြမဟာဓမ္မ ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မြစေတီစာသင်တိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူး ပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ တာဝန်ရှိသူများနှင့် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့်လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇနှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသည့် မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် မွန်ပြည်နယ် မော်လမြိုင်မြို့ မန္တလေးရပ်ကွက် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေကျပ်သိန်း ၅၀ ကို မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ပေးအပ်လှူဒါန်းရာ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။ ဆက်လက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment