နေပြည်တော် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ
Myanmar Effort Company Limited အထည်ချုပ်စက်ရုံသို့ ဇန်နဝါရီ ၂၆ ရက်နံနက် ၇ နာရီ ၄၅
မိနစ် ခန့်တွင် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် မော်တော်ယာဉ်တစ်စီးဖြင့်
လက်နက်ငယ်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး အဆိုပါစက်ရုံဝန်းအတွင်း စက်ရုံလုံခြုံရေးဆောင်ရွက်နေသည့်
ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြပြီး စက်ရုံအတွင်းဝင်ရောက်ကာ
မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN
ZHEN တို့ ၂ ဦးတို့အား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ကာ Laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏
လက်ကိုင်ဖုန်း ၃ လုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့်
မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်အဖွဲ့များ၏
ပြောဆိုစေခိုင်းချက်အရ မန်နေဂျာဦးမျိုးဇင်ဝင်းသည် စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအားဆက်သွယ်၍ ငွေကျပ် သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း
သိရှိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ်
တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး
၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိပြီး
အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍
တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရှိရသည်။
NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏
ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် ဒေသခံပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများအပေါ်
အနှောင့်အယှက်အဟန့်အတားဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ်
ကျေနပ်မှုမရှိဘဲ ပြစ်တင်ရှုတ်ချလျက်ရှိကြောင်း သိရှိရသည်။
NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့်
စစ်ရေးနှင့်မသက်ဆိုင်သည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက် အဦများအား
အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး
ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အတင်းအဓမ္မခြိမ်းခြောက်၍
ငွေကြေးတောင်းခံခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ကို
တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူများအား
အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများရရှိပါက
လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြား၍ ရပ်ရွာအေးချမ်းသာယာရေးအတွက်
ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။



No comments:
Post a Comment