မော်လမြိုင် ဇန်နဝါရီ ၂၇
မွန်ပြည်နယ်အတွင်း စိုက်ပျိုးမြေများကို စိုက်ဧကလျော့နည်းမှုမရှိစေရေး၊ အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၅ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရာတွင် မစိုက်ပျိုးနိုင်သည့်မြေများကို ရှာဖွေဖော်ထုတ်ပြီး စိုက်ဧကတိုးမြှင့်၍ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စိုက်ဧကလျော့နည်းမှုမရှိစေရေး၊ အထွက်နှုန်းကျဆင်းမှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ဆက်လက်လုပ်ကိုင်ဆောင်ရွက် သွားရန်လိုကြောင်း၊ တောင်သူများအနေဖြင့် အကျိုးပြုစိုက်ဧကများအပေါ် သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်လိုအပ်သည့် မျိုးစပါးများ၊ စိုက်ပျိုးရေများရရှိနိုင်ရေး အတွက်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ကော်မတီဝင်များမှ မြေလွတ်၊ မြေလပ်ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများ၊ ကွင်းဆင်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်

No comments:
Post a Comment