ပုသိမ် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာ၌ (၂၀၂၀- ၂၀၂၁) တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီးဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၆၉) အိမ်ထောင်စု(၆၉)စုတို့ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် Oriental High Way ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ပုသိမ်-ငွေဆောင်ကားလမ်း မိုင်(၁၆/၀- ၁၆/၂) မိုင်အား လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ထားသော ကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းများ ပြည့်မီရေးနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ရေးအား လမ်းညွှန်မှာကြားခဲ့ပြီး ပုသိမ်- ရှောပြာ- ချောင်းသာလမ်း (၂၅/၀-၃၄/၀)မိုင်အတွင်း မျက်ကွယ်ကွေ့များအား လမ်းတာတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)




No comments:
Post a Comment