နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံညွှန်ကြား ရေးမှူးများ၏ ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၃)ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲ ပထမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးစာရင်းများနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို ဥပဒေနှင့် အညီ စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရန် ကျင့်ဝတ်များနှင့်အညီ စစ်ဆေး ထိန်းကျောင်းပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များသည် နိုင်ငံတော်တည်ဆောက် ရေးတွင်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သဖြင့် နိုင်ငံနှင့်ပြည်သူအတွက် အရည်အသွေးပြည့်ဝသည့် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန် လိုအပ်ပါကြောင်း၊ အဂတိလေးပါးကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အရေးကြီး စစ်ဆေးတွေ့ရှိချက်များ၊ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုအပ်ပါကြောင်း၊ သတင်းအချက်အလက် လုံခြုံမှုရှိစေရန်ကို လည်း အထူးသတိပြု ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ကျင့်ဝတ်စံတန်ဖိုးများကိုလည်း အလေးထားလိုက်နာကြရန်လိုအပ်ကြောင်း။
စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုသည် အလွန် အရေးကြီးပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများကို ရာထူးအလိုက် ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်စေခြင်းသာမက မိမိတို့လုပ်ငန်းခွင်တွင်လည်း Job Training များ၊ အသိပညာမျှဝေ ရေးအစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုမြှင့်တင် ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲ သို့ တက်ရောက်လာကြသော ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး များက ဘဏ္ဍာရေးစာရင်းစစ်ဆေး ခြင်း၊ လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ Real Time Audit နှင့် တာဝန်ပေးစစ်ဆေးခြင်းဆိုင်ရာများ၊ ဝန်ထမ်းပိုင်းနှင့်စာရင်းပိုင်းဆိုင်ရာများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးများက စစ်ဆေးရေး၊ ဝန်ထမ်းနှင့် စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများ၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က စီမံရေးရာနှင့် ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်းဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment