နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိုက်ပျိုးရေးလုပ်ငန်းများတွင် ဧက ၃၀၀ အောက်နှင့် ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် ဧက ၅၀ အောက်လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် နေရာများကို ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်များနှင့်အညီ စိစစ်တင်ပြလာသည့် ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရ မည့် ကိစ္စရပ်များကို ရှင်းလင်တင်ပြပြီး ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး ဆက်လက်ကျင်းပရာ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြပြီး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment