ပစ္စက္ခကာလ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးသော လိုအပ်ချက်ဟုဆိုလျှင် ငြိမ်းချမ်းရေးဟူ၍သာ ဖြေဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအားလုံးအတွက် တစ်ခုတည်းသောအဖြေဟုပင် ဆိုနိုင်သည်။ မိမိတို့နိုင်ငံလွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည်ဒုတိယ၊ လွတ်လပ်ရေးသည်တတိယဟု ကြွေးကြော်ခဲ့ကြသလိုပင် မျက်မှောက်ကာလ၌လည်း ငြိမ်းချမ်းရေးသည်ပထမ၊ ငြိမ်းချမ်းရေးသည်ဒုတိယ၊ ငြိမ်းချမ်းရေးသည်တတိယဟု သန္နိဋ္ဌာန်ချကာငြိမ်းချမ်းရေးကို လိုလားသူပြည်သူလူထုကြီး၏ အင်အားကိုပါရယူ၍ နိုင်ငံတစ်ဝန်းငြိမ်းချမ်းစေရန် ကြိုးပမ်းသွားကြရမှာလည်း ဖြစ်သည်။
ငြိမ်းချမ်းရေးသည် နိုင်ငံတော်၏ပကတိလိုအပ်ချက်၊
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ကာ စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့သလို
ယခု ၂၀၂၃ ခုနှစ်ကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှသည် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသက်တမ်းကို
ထပ်မံတိုးမြှင့်ပေးထားသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန်
လက်ကမ်းကြိုဆိုတံခါးဖွင့်ထားသည်။ လက်နက်ကိုင်တိုက်ပွဲများဖော်ဆောင်၍ ဒေသနှင့်ဒေသခံပြည်သူများကို
ဒုက္ခနွံတွင်းသို့ကျရောက်စေမည့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် စိတ်စေတနာမှန်ကန်စွာဖြင့်
ပူးပေါင်းအဖြေရှာကြခြင်းကသာ အားလုံးအတွက် ကောင်းကျိုးဆောင်နိုင်မည်ဖြစ်သည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအမှန်ဖြစ်သော
ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးမှု များတွင် ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ
သဘောတူညီမှုများရရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊
ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီးဖြစ်သင့်သည်နှင့် ဖြစ်ချင်သည်များကိုလည်း
ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့
ရောက်ရှိလာမည်ဆိုပါက ထာဝရငြိမ်းချမ်းရေးပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်သည်။
မငြိမ်းချမ်းခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနိမ့်ပါးနောက်ကျခြင်း၊
အခြေခံအဆောက်အအုံလိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင်ခြင်း၊ ဒေသတွင်းနေ ပြည်သူလူထု၏ စီးပွားရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်မှဆုတ်ယုတ်စေပြီး ဆင်းရဲမွဲတေခြင်းတို့၏ အကြောင်းရင်းခံဖြစ်သည်။
နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်နိုင်မှသာ လက်နက်ကိုင်ပဋိပက္ခများ
ကြောင့်ဖြစ်ပေါ်လာသည့် လူမှုဒုက္ခများနှင့်အနိဋ္ဌာရုံများချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာဝပြောသောလူ့ဘောင်ကို
တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း
အယ်ဒီတာ့အာဘော်
No comments:
Post a Comment