နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရည်ရွယ်ကျင်းပ
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစား သမားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘော်လီဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ကစားကြစေခြင်းဖြင့် ဘော်လီဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။
ဘက်စုံပြည့်စုံအောင်ကြိုးစား
ဘော်လီဘောအားကစားနည်းသည် တစ်ဦးချင်းရော အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝရန် အထူးလိုအပ်သည့် ကစားနည်းဖြစ်ပါကြောင်း၊ ထို့အပြင် အသင်းလိုက်ကစားရသည့်အတွက် တစ်ဦးချင်းထိုးဖောက်တတ်သည့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ရသလို မိမိအသင်း အောင်နိုင်ရန် အသင်းဖော်များ၏ အရည်အသွေးပေါ်အောင် ဖန်တီးပေးတတ်ရန်လည်း လိုအပ်ပါကြောင်း၊ မြန်မာ့ဘော်လီဘော အားကစားအဆင့်အတန်း ပြန်လည် တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် အားကစားသမားများအနေဖြင့် ဘက်စုံပြည့်စုံအောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် အမျိုးသမီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ် U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အလေးအနက်ထားဆောင်ရွက်
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသမီးဘောလုံးအားကစားသည် အမျိုးသား ဘောလုံးအားကစားနည်းလို ပြည်သူလူထု၏ စိတ်ပါဝင်စားမှု ရရှိနေပြီးဖြစ်ကြောင်း၊ သက်တမ်းအလိုက် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုရရှိနေပြီ ဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘောလုံးအားကစား စွမ်းရည်ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ များ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည်အောင်မြင်မှု ရရှိရန်အရေးကြီး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေး စီမံချက်ရေးဆွဲကာ အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစား သမားများက နိုင်ငံတော်သီချင်းနှင့် အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် U-18 အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အခမဲ့လာရောက်ကြည့်ရှုနိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲနှင့် U-18 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက် အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၊ လေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ကွင်းအမှတ် ၃ တို့၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment