Monday, December 5, 2022

မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ရုံးအဆောက်အဦ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိစဉ် ရုံးယာဘက်ခြမ်း ပြတင်းပေါက် အနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထိုသို့ဆေးကုသမှုများ ခံယူလျက် ရှိစဉ် အမျိုးသား ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျန်လူနာများအား လိုအပ်သည့် ဆေးကုသမှု များ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုကဲ့သို့ နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ထိခိုက်စေရန်နှင့် နိုင်ငံပိုင် အဆောက်အဦအား ပျက်စီးစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့် ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment