Tuesday, December 6, 2022

လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ အချိန်တိုအတွင်း သိသာထင်ရှားသည့်တိုးတက်အောင်မြင်မှု ရလဒ်ကောင်းများရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားမည်

နေပြည်တော် ဒီဇင်ဘာ ၅

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွဲ့စည်းတာဝန်ပေး

အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ လမ်းညွှန်းများ၊ လမ်းအမှတ်အသားနှင့် အချက်ပြများ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၅.၁၀.၂၀၂၂ ရက်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးက လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်နှင့်အညီ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေး အဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသ ကြီး/ ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါကြောင်း။

ကွင်းဆင်းစစ်ဆေးသွားမည်

ဗဟိုကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ယခုပထမအကြိမ် အစည်းအဝေးကို ခေါ်ယူပြီး နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည် 1968 Vienna Convention on Road Traffic နှင့် 1968 Vienna Convention on Road Signs & Signals တို့သို့ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိထုတ်ပြန် ကျင့်သုံးလျက် ရှိသည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် Vienna Convention ပါ ပြဋ္ဌာန်းချက်များကို အခြေခံထားခြင်း ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင်အသုံးပြု သည့်လမ်းများကို မြေပြင်၌ လက်တွေ့အကောင်အထည်ဖော် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြ သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်/ ရန်ကုန်/ မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီများနှင့် ဆက်စပ်ဌာနများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော် ရေးဆွဲစိုက်ထူကြရန် ဖြစ်ပါကြောင်း၊ လက်ရှိရေးဆွဲ စိုက်ထူအသုံးပြုထားသည့် လမ်းညွှန်းများ၊ အချက်ပြများနှင့် လမ်းပေါ်ဆေးရေး အမှတ်အသားများသည် ညွှန်ကြားချက်ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိပါက အမြန်ပြင်ဆင် ဆောင် ရွက်ကြရန် ဖြစ်ပါကြောင်း၊ အချို့ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်းညွှန်းများ၊ လမ်းအမှတ် အသားများဆိုင်ရာ ကွဲလွဲမှုများ စိစစ်တွေ့ရှိရသည့်အတွက် သတ်မှတ်ညွှန်ကြားချက်နှင့်အညီဖြစ်စေရေး အမြန်ပြင်ဆင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် လက်အောက်ရှိ သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများအား စုစည်း၍ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကွင်းဆင်းစစ်ဆေးခြင်း၊ ပြုပြင်စေခြင်း များ အမြန်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေး အဖွဲ့အနေဖြင့် ဦးစားပေးဧရိယာ၊ ဦးစားပေး တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစားပေးလမ်းများကို ရွေးချယ်ပြီး အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဗဟိုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း Road Audit ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ဒေသအလိုက်လမ်းပိုင်းအားလုံး၌ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြည့်စုံမှန်ကန် ညီညွတ်ရေး၊ ဒေသအလိုက် လုပ်ငန်းစဉ်များကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အချိန်တိုအတွင်း သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှု ရလဒ်ကောင်းများရရှိအောင် ကြိုးပမ်းရေးတို့ကို ဆုံးဖြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment