ပုဂံ ဒီဇင်ဘာ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက “၃၇ မင်းနတ်အက၊ နတ်ကတော်အကနှင့် အပျိုတော်အက ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ သမားစဉ်များ” စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါ်အေးနုစိန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ ယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းရေးကော်မတီဝင်များ၊ ပုဂံမြို့နှင့် ညောင်ဦးမြို့ဒေသခံများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး
ဦးစွာ စာတမ်းဖတ်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန် နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇာတ်သဘင်များ၊ နတ်ပွဲများတွင် နတ်အကြောင်း အတ္ထုပ္ပတ္တိကို ဖွဲ့ဆိုထားသည့် နတ်တို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သီဆိုတီးမှုတ်ကခုန်ရန် ရေးစပ်ထားသောသီချင်းကို နတ်ချင်းဟု ခေါ်ဆို ပါကြောင်း၊ နတ်ချင်းနှင့် နတ်အကသည် ရှေးအကျဆုံးမြန်မာ့ရိုးရာ သီချင်းနှင့် ရိုးရာအက ဖြစ်ပါကြောင်း၊ နတ်ချင်းများသည် ယဉ်ကျေးမှု အနုပညာနှင့် ဂီတသီချင်းများအဖြစ် ယနေ့တိုင် တည်တံ့ပြန့်ပွားလျက်ရှိ နေပါကြောင်း၊ ပျူခေတ်ကစတင်ပြီး မြန်မာ့သဘင်ပညာသည် ကိုးကွယ် ယုံကြည်မှု၊ ပူဇော်ပသမှုကိုအခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ တီးမှုတ်သည့် တူရိယာ၊ ပစ္စည်းသုံးစွဲမှုနှင့် တီးခတ်သည့် သံစဉ်၊ သီဆိုသည့် စာသား၊ ကပြသည့် ဟန်ပန်အမူအရာများမှာ ကိုးကွယ်ယုံကြည်မှုကို အလေးဂရုထားပြီး သီဆိုတီးမှုတ်ကပြကြသည်ကို လေ့လာသိရှိနိုင်ပါကြောင်း။
စာတမ်းဖတ်ပွဲကို အကြောင်းပြုပြီး ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ၃၇ မင်း နတ်ချင်းများ၊ နတ်အကများ၊ တီးကွက်တီးလက်များနှင့် မြန်မာ့သဘင် ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ နတ်ကတော်အက၊ အပျိုတော် အကများ၏ ကကြိုးကကွက်များ၊ တီးကွက်တီးလက်များကို အထောက်အထားမှတ်တမ်းများအဖြစ် ကျန်ရှိစေရန်၊ ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ရှာဖွေဖော်ထုတ် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့သဘင်အစဉ်အလာသမားစဉ်များ၏ အရေးပါမှုကို လေးစားတန်ဖိုးထားသိရှိနိုင်စေရန် အထောက်အကူပြုနိုင်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးမေးမြန်း
စာတမ်းဖတ်ပွဲတွင် အနုပညာဦးစီးဌာန လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့အောင်က “၃၇ မင်း နတ်ကတော်အကနှင့် အပျိုတော်အကသမားစဉ် တီးကွက်တီးလက်များ” စာတမ်းကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သဘင်ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဦးခိုင်ထွန်း က “ ပွဲဦးနတ်ကတော် အကနှင့် အပျိုတော်အက၏ ကကြိုးကကွက်များကို လေ့လာခြင်း” စာတမ်းကိုလည်းကောင်း၊ စာတမ်းရှင် မောင်လူမွှေး(မြန်မာမှု)က “အပျိုတော်နှင့်သဘင့်အစဉ်” စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့ရာ ဆိုင်းပညာရှင် ဦးကျော်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ စာတမ်းတစ်စောင်ချင်း ဖတ်ကြားအပြီးတွင် တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက နတ်ကတော်သမားစဉ် အဆို၊ အတီး၊ အကဖြင့်လည်းကောင်း၊ အပျိုတော်သမားစဉ် အဆို၊ အက၊ အတီးဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုလက်ဆောင်များပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါ်အေးနုစိန်တို့က သဘာပတိနှင့် စာတမ်းရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စာတမ်းများနှင့် ပတ်သက်၍ သုံးသပ်ပြောကြားပြီး စာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment