နေပြည်တော် ဒီဇင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာ အထက်တန်းကျောင်း-ဘုရားကြီးနှင့် ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ၊
အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး
ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကျောင်းစင်္ကြံလမ်းများပြုပြင်ခြင်း၊ ကျောင်းဝင်းအတွင်း
စာသင်ဆောင် စာသင်ခန်း မျက်နှာကျက်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ခြံစည်းရိုးများပြန်လည်ပြုပြင်ဆေးသုတ်ခြင်းလုပ်ငန်းများ၊
သောက်ရေသန့်ရရှိရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပဲခူးတက္ကသိုလ်စုဝေးခန်းမ၌ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊
ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
တက္ကသိုလ်အသက်သည် သုတေသနလုပ်ငန်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများအောင်မြင်စေရန်လိုအပ်သည့် သုတေသနသုံးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊
အင်တာနက်ဝိုင်ဖိုင်မရှိသေးသော အဆောင်များကို အင်တာနက်ရရှိရန် ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊
စာအုပ်စာတမ်းများ ဝယ်ယူနိုင်ရန်အတွက် ဌာနတစ်ခုချင်းစီကိုလည်း ရန်ပုံငွေများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပဲခူးတက္ကသိုလ်၌ ဘာသာရပ် ၃ ခု တွင် PhD သင်တန်း
စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်
သင်ကြားရေးပိုင်းတွင်သာမက သုတေသနလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက်ပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း
အမှန်တကယ် တတ်မြောက်သော ပညာတတ်များဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးကြစေလိုပါကြောင်း၊
တစ်ဦးနှင့်တစ်ဦးမေတ္တာထား၍ဆောင်ရွက်မှသာလျှင် လုပ်ငန်းများအောင်မြင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော
ဆရာ၊
ဆရာမများက ဘာသာရပ်/ဌာနအလိုက် လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
သက်ဆိုင်ရာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ
သင်တန်းသား၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး
သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
(သတင်းစဉ်)
No comments:
Post a Comment