အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁) တွင် “လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏” ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးသည် လူသားတိုင်း ရပိုင်ခွင့်ရှိသည့် အခွင့်အရေးဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများအားလုံးက လေးစားလိုက်နာကြသည်။
မြန်မာနိုင်ငံအနေဖြင့် အများပြည်သူသဘောထားဆန္ဒကို ဦးစားပေးသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ လူအချင်းချင်း တန်းတူညီမျှအခွင့်အရေး များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ပင်ကိုအားဖြင့် ဗုဒ္ဓတရားတော်နှင့်အညီ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားသောနိုင်ငံဖြစ်၍ လူအချင်းချင်း အပေါ်တွင် မေတ္တာတရားထားကာ စာနာစိတ်ဖြင့် ဆက်ဆံနေထိုင် လျက်ရှိသည့်နိုင်ငံဖြစ်သည်။ သို့သော်လည်း မျက်မှောက်ကာလတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေကြောင်း တွင်တွင်ပြောဆိုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်လျက်ရှိသည်ကို လူ့အသိုက်အဝန်းများ တွင် အစဉ်အဆက်မြင်တွေ့နိုင်ပြီး မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လက်တွဲ ပူးပေါင်းဆောင်ရွက်နေသည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICESCR)၊ မသန် စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRPD)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) နှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အဆိုပါစာချုပ်များနှင့်ဆက်စပ်သည့် နောက်ဆက်တွဲသဘောတူ စာချုပ်အချို့တွင်လည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို ပြဋ္ဌာန်းထားပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် နိုင်ငံအတွင်း၌ ဥပဒေများပြဋ္ဌာန်းပြီး လိုက်နာကျင့်သုံးလျက်ရှိသည်။ လူ့အခွင့်အရေးကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံ၏ လူမှုကျင့်ဝတ်များအရလည်းကောင်း၊ ပြဋ္ဌာန်းထားသော ဥပဒေများအရ လည်းကောင်း အခြားသူများ၏ အခွင့်အရေးများအား လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာမှုမရှိစေရန်အတွက် အထူးဂရုပြု လိုက်နာကျင့်သုံးဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအားလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းကပ်ရောဂါကြောင့် လူသားတို့၏ အသက်ရှင်ရပ်တည်နိုင်ရေး၊ လူသားထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ကြီးမားသောသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ထိတွေ့ချိတ်ဆက်၍ ကပ်ရောဂါကာကွယ် ထိန်းချုပ် ကုသနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ ထိခိုက်မှုမဖြစ်စေရေးကိုလည်း တတ်နိုင်သမျှ ထည့်သွင်းစဉ်းစား၍ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံပြည်သူများ၏ လူမှုဘဝအခက်အခဲများ၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး နိုင်ငံသားများ၏ လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်ကာ လူ့အခွင့်အရေး အခြေအနေများ ပိုမို တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။ ။
No comments:
Post a Comment