Saturday, December 3, 2022

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်


နေပြည်တော် ဒီဇင်ဘာ ၂

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ် ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိတ်ဆုံနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ဝန်ကြီးဌာန၏ မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းသည် ရာထူးအဆင့်အလိုက် ဝန်ထမ်းအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးက နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက် ပေးအပ်သောတာဝန်များကို ကျရာအခန်းကဏ္ဍမှ အလေးထား ကြိုးစား ဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း မိသားစုသဖွယ် ချစ်ခင်ရင်းနှီး ညီညွတ်စွာလက်တွဲ၍ လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နေ့လယ်စာကို ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြသည်။

အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သုံးဆောင်ခဲ့ကြပြီး လစဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment