Sunday, November 20, 2022

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Stavropol Region ရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာ 

နေပြည်တော် နိုဝင်ဘာ ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၉ ရက်တွင် Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်  Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Barsuchkovskaya အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ဓာတ်အားပေးစက်ရုံအကြောင်းနှင့် စက်ရုံလည်ပါတ်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြကြရာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြသည်။

အဆိုပါ  Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော   Barsuchkovskaya  အသေးစားရေအား  လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ Stavropol Region တွင်တည်ရှိပြီး Stavropol တူးမြောင်းကြီး တစ်လျှောက်တွင် ဓာတ်အားပေးစက်ရုံ ၁၁ ရုံအား ဆင့်ကဲ(Cascade) တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။  စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး တပ်ဆင်အင်အားမှာ 5.25 MW ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့  35 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက် ဓာတ်အား ပို့လျက်ရှိသည်။     ဓာတ်အားပေး ၁၁ ရုံ၏ တပ်ဆင်အင်အားမှာ 481.8 MW ဖြစ်ကြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကျိုးရှိစွာ  တူးမြောင်းတစ်လျှောက် ဆောက်လုပ်ထားကြောင်းတွေ့ရှိရသည်။ ကုမ္ပဏီအနေဖြင့် ရေအရင်းအမြစ် ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင်လည်း  လာရောက်ပူးပေါင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လိုကြောင်းသိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Kochubeevskaya WPP  လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်၍  စက်ရုံဧရိယာအတွင်း တည်ဆောက် တပ်ဆင်ထားရှိသည့် လေအားလျှပ်စစ်ဆိုင်ရာတည်ဆောက်ထားရှိမှု၊ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့လေ့လာကြရာ စက်ရုံမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းကြသည်။

အဆိုပါ  Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော   Kochubeevskaya WPP  လေအားလျှပ်စစ်စက်ရုံမှာ Stavropol Region တွင်တည်ရှိပြီး  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍  လည်ပါတ်မောင်းနှင်ခဲ့သည်။ Wind Turbines ပေါင်း ၈၄ တိုင် ရှိပြီး တစ်တိုင်လျှင် 2.5 MW ရှိ၍ စုစုပေါင်းတပ်ဆင်အင်အားမှာ 210MW ဖြစ်ပြီး တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၆၀၀ ခန့်အား ထုပ်လုပ်လျက်ရှိပြီး ဓာတ်အားစနစ်အတွင်းသို့  330 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ဓာတ်အားပို့လျက်ရှိသည်။ ဧက ၁၆၀ အကျယ်အဝန်းတွင် တည်ဆောက်ထားရှိပြီး စုစုပေါင်းရင်းနှီးမြုပ်နှံမှုငွေပမာဏမှာ ရုရှားရူပီ ၂၈ ဘီလီယံခန့် ဖြစ်ကြောင်းသိရသည်။  တာဝါတိုင်တစ်တိုင်၏အမြင့်မှာ  ၁၅၀  မီတာရှိပြီး တာဝါတိုင် Blade မှာ မီတာ ၅၀ ရှိကာ စုစုပေါင်းအလေးချိန်မှာ တန် ၃၂၀ ဖြစ်သော်လည်း တည်ဆောက်တပ်ဆင်ရာတွင် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အထူးစိတ်ဝင်စားကြောင်း သိရသည်။

No comments:

Post a Comment