Thursday, November 24, 2022

စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား ခြိမ်းခြောက်လုယက်ယူဆောင်

နေပြည်တော် နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က “တိက္ခဇေယျာ ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်လာကာ ငွေနှင့် မော်တော်ယာဉ်များအား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာရှိ “တိက္ခဇေယျာ ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာသာမိ၏ အခန်းအတွင်းရှိ စားပွဲပေါ်မှ လက်ဆွဲအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် သိန်း ၃၀၀ နှင့် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒေါ်အုန်း(၇၂)နှစ်၊ ဒေါ်သန်း(၆၁)နှစ်၊ ဒေါ်ကျင်စော(၆၀)နှစ်နှင့် ဒေါ်သူဇာဝင်း(၄၃)နှစ်တို့၏ လက်ကိုင်ဖုန်း ၄ လုံးတို့ကို လုယက်ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားများ သည် နေ့လယ် ၂ နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း ရပ်ထားသည့် ယာဉ်အမှတ် RLG/--- ALPHARD မော်တော်ယာဉ်အား လုယက်ယူဆောင် မောင်းနှင်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား လုယက်ယူဆောင်သွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment