နေပြည်တော် နိုဝင်ဘာ ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများသည်
အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ
ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်များဖြင့်
ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ
အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့်
ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း
စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ
၂၁ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာသို့
PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းစောင့် ဖြစ်သူ ဦးစန်းလွင်(၅၆)နှစ် (ဘ)ဦးအောင်ဖေနှင့် ၎င်း၏သမီးဖြစ်သူ ပေါက်မြို့နယ်၊
မြသိန်းတန် ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဒုတိယအလယ်တန်းပြ ကျောင်းဆရာမဖြစ်သူ
မဇင်ဝေလွင်(၃၅)နှစ်တို့အား “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်
သတ်ဖြတ်သွားခဲ့သဖြင့် ဦးစန်းလွင်နှင့် မဇင်ဝေလွင်တို့တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ
အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊
တောင်ငူမြို့နယ်၊ သဲဖြူ ချောင်းဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ
ရောက်လာပြီး ကျောင်းဝင်းအတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက
သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းနံရံများ၊ အိမ်သာနံရံများ၊ စာရေးစားပွဲခုံများ၊
ကျောင်းသုံးစာအုပ်များ အပေါ်တွင် သင်္ဘောဆေးများဖြင့် “PDF/PDS” စာသားများရေးသားထားကာ
စာသင်ကျောင်းအတွင်းရှိ ဗီဒိုများ၊ ရုံးသုံးပစ္စည်းစာရေး ကိရိယာများအား မွှေနှောက်ဖျက်ဆီးခဲ့သဖြင့်
ကျောင်းသုံးစာရွက်စာတမ်းများ ပျက်စီးခဲ့ကြောင်းနှင့် သဲဖြူချောင်းဝအခြေခံပညာမူလတန်းကျောင်းတွင်
ကျောင်းဆရာ၊ ဆရာမ ၃ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း
သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍
ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို
ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန်အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ်
ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏
လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment