Wednesday, November 23, 2022

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေစေရန် ညှိနှိုင်းအစည်းအဝေးကျင်းပကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော် နိုဝင်ဘာ ၂၃

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများ ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။



ရှေးဦးစွာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ၏မျှော်မှန်းချက်၊ ဖွဲ့စည်းပုံ၊ အကျယ်အဝန်း၊ လက်ရှိသင်ကြား ဆောင်ရွက်နေမှု၊ မြို့နယ်အလိုက်၊ ဝန်ကြီးဌာနအလိုက်ကျောင်း တက်ရောက်မှု၊ ဆက်လက်တိုးချဲ့သင်ကြား ဆောင်ရွက်ရန်စီစဉ်နေမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ်သော မြို့နယ်အသီးသီးမှ Naypyitaw State Academy သို့တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေစေရေး၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေကို ပညာရေးမြို့တော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ပညာရေးဝန်ကြီးဌာနနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနှင့် နေပြည်တော်ကောင်စီတို့က ကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က Naypyitaw State Academy တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများသာမက နေပြည်တော် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံ(နေပြည်တော်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)တို့မှ ကျောင်းသားများပါ စိတ်အေးချမ်းသာစွာ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီကားများ ပြေးဆွဲဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် မထသ(မြို့တွင်း)ဥက္ကဋ္ဌ၊ မထသ(အဝေးပြေး) ဥက္ကဋ္ဌများက ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အသေးစိတ်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် Naypyitaw State Academy တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တတိယနှစ်အတန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြကာ အားကစားခန်းမနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment