Saturday, November 26, 2022

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်း ကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကာလ ဖြစ်ပါကြောင်း၊ (၁၆) ရက်တာလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိအမြင်ကျယ်လာပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှပပျောက်စေရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာနိုင်ရန်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်ပုဒ်မှာ “UNiTE! Activism To End Violence against Wo-men & Girls”: “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား စဉ်ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုများပြားလာသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် “ကျား၊ မတန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေး” ဆိုသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် နံပါတ်(၅)၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCEDAW ၏ အကြံပြုချက်များ၊ ဘေဂျင်း ကြေညာစာတမ်းပါလုပ်ငန်းများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက်နှင့် အာဆီယံဒေသတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို သတင်းပို့တိုင်ကြားနိုင်ရန်(၂၄)နာရီ Helpline တယ်လီ ဖုန်းနံပါတ်“1566” ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ Viber, Facebook Page Messenger များ တည် ထောင်ထားခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်၊အသက်မွေးဝမ်းကျောင်း စရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများအဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာမြို့နှင့် စစ်တွေမြို့ စသည့်နေရာခုနစ်ခုတွင်(One Stop WomenSupport Center -OSWSC) များကို ဖွင့်လှစ်ထားရှိခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖယ်ရှားပပျောက်စေရန် အတွက် အစိုးရကချည်း ဆောင်ရွက်နေ၍မရဘဲ ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်းပါးပြိုင်ပွဲမှဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ အသိပညာပေး Video Clip ပြသခြင်းနှင့် Physical Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရဌာနများ နှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း ၁၁၆ ဦး in person ဖြင့် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment