Sunday, November 6, 2022

လူငယ်များ အိုင်စီတီနည်းပညာကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုအပ်သည့် ပညာပေး အစီအစဉ်များ၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာဖလှယ်ရေး အစီအစဉ်များအား ဆောင်ရွက်ပေးရန်လိုအပ်မည်

နေပြည်တော် နိုဝင်ဘာ ၅

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကျင်းပသည့် APT Young Professional and Students Programme (APTYPS) 2022 “IoT Smart Challe-nge for Agri-Tech Sector” ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေ MICT Park ၌ Hybrid Format ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံရှိသည့် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (APT) သို့ မြန်မာနိုင်ငံသည် ၁၉၇၉ ခုနှစ်မှစတင်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို APT ၏ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိုင်စီတီနှင့်စပ်လျဉ်းသည့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ဒေသတွင်းညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် APT ညီလာခံများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများသို့လည်း ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း အိုင်စီတီလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် အိုင်စီတီ နည်းပညာများကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အင်မတန်အရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ အိုင်စီတီနည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်လျှင် တန်ဖိုးဖြတ်မရသည့် အကျိုးရလဒ်များရရှိနိုင်သလို မှန်ကန်စွာအသုံးမပြုနိုင်လျှင်လည်း ကြီးမားသည့် ဆိုးကျိုးများအား ရရှိစေမည်ကို မိမိတို့၏လူငယ်များ သတိပြုမိနိုင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များ အိုင်စီတီ နည်းပညာကို အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်သည့် ပညာပေးအစီအစဉ်များ၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာဖလှယ်ရေး အစီအစဉ်များအား အလျဉ်းသင့်သလို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုနှစ် ယှဉ်ပြိုင်ခဲ့သည့်ခေါင်းစဉ်မှာ “IoT Smart Challenge for Agri-Tech Sector” ခေါင်းစဉ်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ICT နည်းပညာအသုံးချနိုင်ရေး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနည်းပညာသစ်များ ပေါ်ထွန်းလာစေပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို အိုင်စီတီနည်းပညာဖြင့် မောင်းနှင်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည် ကိုလည်း မျှော်မှန်းပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (APT) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Masa-nori Kondo က အွန်လိုင်းဖြင့် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြိုင်ပွဲကျင်းပခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အမှာစကားပြောကြားသည်။

ထို့နောက် အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် အသက် ၁၇ နှစ်မှ ၂၀ နှစ်အထိ ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Senior IoT Smart Challenge အဆင့်၌ ပထမဆုရရှိသူ Auston College Myanmar (Yan-gon) မှ A.I Cloud Greenhouse အဖွဲ့၊ ဒုတိယဆုရရှိသူ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ Team SFT အဖွဲ့နှင့် တတိယဆုရရှိသူ မုံရွာနည်းပညာတက္ကသိုလ်မှ Team Brewers အဖွဲ့တို့ကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Junior IoT Smart Challenge အဆင့်၌ ပထမဆုရရှိသူ ကြယ်စင်သွန်း ကွန်ပျူတာစင်တာမှ Twin Star အဖွဲ့၊ ဒုတိယဆုရရှိသူ Institute of International Professionalism မှ AUTOBOT အဖွဲ့နှင့် တတိယဆုရရှိသူ ကြယ်စင်သွန်း ကွန်ပျူတာစင်တာမှ Starlight အဖွဲ့တို့ကိုလည်းကောင်း တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများ၏ ICT ဆိုင်ရာ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဖွဲ့အစည်းအတွင်း အချင်းချင်း ပူးပေါင်းလုပ်ဆောင်တတ်လာစေရန်၊ သိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးလာစေရန်နှင့် နည်းပညာတီထွင်ဆန်းသစ်မှုများ တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် APT Young Professionals and Students Programme ကို APT ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်တွင် “University Robotic Challe-nge” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် “Innovative Robot” ခေါင်းစဉ်ဖြင့်လည်းကောင်း ပြုလုပ်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် “IoT Smart Challenge for Agri-Tech Sector” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment