Saturday, November 19, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်း အရောင်းဆိုင်လုယက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၉

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၆ လမ်းထိပ်၊ အမှတ် (၇၁၈/၇၂၀) ရှိ “သစ္စာ” ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း (ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ရှိနေစဉ် Mask အနက်ရောင်များ ဝတ်ဆင်ထားသော အသက် (၃၀) နှစ်ခန့်ရှိ အမျိုးသား ၃ ဦးမှ ဓားမြှောင်များကိုင်ဆောင် ဝင်ရောက်လာကာ ဦးမောင်မောင်ထွန်းနှင့် ဦးမြင့်ကြည်တို့အား ရန်ပြုတိုက်ခိုက် ခြိမ်းခြောက်ပြီး ဦးမောင်မောင်ထွန်းပိုင် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀၊ ဦးမြင့်ကြည်ပိုင် YGN 4H 6543 Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone ၂ လုံး တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် လုယက်မှုကျူးလွန်သူ တရားခံများအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် (ပ) ၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

 

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ သတင်း ရယူစုံစမ်းခြင်း၊ ခိုင်လုံသည့် လုံခြုံရေးမှတ်တမ်းအထောက်အထားများကို အခြေခံကာရရှိလာသော သတင်းများအား ကွင်းဆက်မပြတ် ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ၃ ဦးအနက် တရားခံတစ်ဦးမှာ အဆိုပါ “သစ္စာ”ကုန်မာဆိုင်တွင် ယခင်က ယာဉ်မောင်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသော သီဟအောင်ဆိုသူဖြစ်ကြောင်း စတင်ဖော်ထုတ်သိရှိခဲ့ရပြီး တရားခံများ လုယက်ယူဆောင်သွားခဲ့သည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော်ယာဉ်အား နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ရန်ကင်းကလေးဆေးရုံအနီး ကန်ဘဲ့လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စုံစမ်းဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်အချိန် တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းရှိ “အင်ကြင်း” စားသောက်ဆိုင်တွင် လသာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ စဉ့်အိုးတန်းလမ်း၊ အမှတ်(၆)နေ တရားခံ သီဟအောင်(ခ) ဝက်ပိန်(၂၉)နှစ် (ဘ)ဦးသိန်းသန်းထွန်းအား လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်း၊ VIVO Y16 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Digitech အမျိုးအစား နာရီတစ်လုံး၊ အနက်ရောင် ပိုက်ဆံအိတ်တစ်လုံးနှင့် ငွေကျပ် ၆၄၀၀၀၀ ကျပ်တို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သီဟအောင် (ခ) ဝက်ပိန်၏ထွက်ဆိုချက်အရ လုယက်မှုတွင် အတူပါဝင် ကျူးလွန်ခဲ့သူများ ဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏရပ်ကွက်၊ မဉ္ဇူ(၂)လမ်းနေ မျိုးဇော်ထွန်း(၃၁)နှစ် (ဘ) ဦးတင်သောင်းအား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် Redmi Note 11 Pro Prime အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ယင်းနေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြစံပယ်လမ်း၊ အမှတ်(၉၃)နေ ဘိုဘို (ခ) မြင့်ထွေး(၂၅)နှစ် (ဘ) ဦးမြင့်သန်းအား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေနားကပ်တစ်ရံ၊ VIVO Y17 အမျိုးအစား နက်/ပြာရောင်ဖုန်းတစ်လုံး၊ Techno Spark 7 အမျိုးအစား အစိမ်းရောင် ဖုန်းတစ်လုံးနှင့် အခင်းဖြစ်စဉ် ၎င်းဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်၊ နက်ပြာရောင် တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ယင်းနေ့ ည ၁၀ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် လတ်တလောငွေကြေးအသုံး လိုသည့်အတွက် သီဟအောင်(ခ)ဝက်ပိန် ယခင်ယာဉ်မောင်းအလုပ်လုပ်ကိုင်ခဲ့ဖူးသည့် “သစ္စာ” ကုန်မာဆိုင်အား လုယက် ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် သီဟအောင်(ခ)ဝက်ပိန်က ဦးဆောင်ခဲ့ပြီး ဘိုဘို (ခ) မြင့်ထွေးနှင့် မျိုးဇော်ထွန်းတို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ဆိုင်အတွင်း ဝင်ရောက်လုယက်စဉ် မျိုးဇော်ထွန်းက ဦးမောင်မောင်ထွန်းအား ချုပ်နှောင်၍ သီဟအောင်(ခ)ဝက်ပိန်မှ ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဘိုဘို(ခ)မြင့်ထွေးမှ ဦးမြင့်ကြည်အား ချုပ်နှောင်၍ ဆိုင်နောက်ဖက်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ဦးမောင်မောင်ထွန်းအား ခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ပိုက်ဆံများအားလုယူပြီး စားပွဲပေါ်တွင် တွေ့ရှိရသော ကားသော့ အားယူ၍ ဆိုင်ရှေ့တွင် ရပ်ထားသည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော်ယာဉ်အား သီဟအောင် (ခ) ဝက်ပိန်က မောင်းနှင်ယူဆောင်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊

ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံအနီး၊ ကန့်ဘဲ့လမ်းမပေါ်အရောက်တွင် မော်တော်ယာဉ်အား ရပ်ထားခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တက္ကစီငှား၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ သုဓမ္မာလမ်းရှိ၊ “ရွှေရိုးရာ”ဘီယာဆိုင်တွင် ဘီယာသောက်ခဲ့ကြပြီး အခင်းဖြစ်စဉ်ကရရှိခဲ့သော ငွေကျပ်သိန်း ၂၈၀ အား မျိုးဇော်ထွန်းနှင့် ဘိုဘို(ခ)မြင့်ထွေးတို့အား တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီပေး၍ သီဟအောင်(ခ)ဝက်ပိန်က ကျန်ရှိငွေ ကျပ်သိန်း ၂၂၀ အား ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံ သီဟအောင်(ခ)ဝက်ပိန်ပါ ၃ ဦးအား ငွေစက္ကူ ရောရာ ၆၄၀၀၀၀ ကျပ်၊ ဖုန်းမျိုးစုံ ၄ လုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေနားကပ်တစ်ရံ၊ နာရီတစ်လုံး၊ ပိုက်ဆံ အိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ဘိုဘို(ခ)မြင့်ထွေး ဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာရောင်တီရှပ် လက်တိုတစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment