Wednesday, November 16, 2022

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၁၅

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အသိအမှတ်ပြုလက်မှတ်

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယခုသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များအနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိရေးအတွက်ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

သင်ကြားပို့ချပေးမည်

ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေး စာချုပ်စာတမ်းများစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊ အထွေထွေဥပဒေအကြံပေးရေးဆိုင်ရာကိစ္စများကို သင်ကြားပို့ချပေးမည်ဖြစ်ပါကြောင်း၊ သင်တန်း ပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများကိုလည်း ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) များ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ ဥပဒေသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက ဥပဒေဒီပလိုမာ ဘွဲ့ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လက်တွေ့ အသုံးချ

ယခင် ဖွင့်လှစ်ခဲ့သည့်သင်တန်းအမှတ်စဉ် (၁) ၏ အားနည်းချက်၊ အားသာချက်များကို စိစစ်ပြုပြင်ပြီး ယခုသင်တန်း ကို ထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရက်သတ္တကိုးပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများ၏ သင်တန်း တက်ရောက်ပြီးစီးမှုအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြမည်ဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေပညာရပ်များကို မိမိတို့လုပ်ငန်းခွင်နှင့် နိုင်ငံတော်အတွက် လက်တွေ့ အသုံးချဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဦးမျိုးမြင့်ဦး၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

၃၅ ဦး တက်ရောက်

သင်တန်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူးအဆင့် သင်တန်းသား သင်တန်း သူ စုစုပေါင်း ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment