နေပြည်တော် နိုဝင်ဘာ ၁၀
အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အာဆီယံသယ်ယူ ပို့ဆောင်ရေးဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည်။
အွန်လိုင်းဖြင့် တက်ရောက်
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ
အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများ၊
အာဆီယံသယ်ယူပို့ဆောင်ရေး ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများနှင့်အတူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က အွန်လိုင်းဖြင့်
တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံဒေသ တွင်း၌ ကာဗွန်ထုတ်လွှတ်မှု
လျော့နည်း စေရေးဆိုင်ရာ မဟာဗျူဟာတွင် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ ကနဦးဆောင်ရွက်ရမည့်
လုပ်ငန်းများနှင့် ကဏ္ဍအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများကိုလည်း
ကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ကွက်ငယ်တောင်သူများ
ထိခိုက်မှုများ ပြန်လည်ထူထောင်နိုင်စေရေးအတွက် သဘာဝဓာတ်မြေသြဇာများနှင့်
မြေဆီလွှာဓာတ် မြှင့်တင်ပေးသည့် နည်းလမ်းများ အသုံးပြုနိုင်ရေးအပါအဝင် သွင်းအားစုများကို
မြန်မာနိုင်ငံအစိုးရက ကူညီထောက်ပံ့ပေးနေမှုများနှင့် စိုက်ပျိုးမြေများကို လယ်ယာစိုက်ပျိုးရေးဆိုင်ရာ
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်လက်ထိန်းသိမ်းထားရှိနိုင်မှုတို့ကိုလည်းကောင်း၊
သစ်ပင်စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းကိုအားပေးပြီး
မြန်မာနိုင်ငံ၏ အပင်ရွက်အုပ်ဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းအထက် လျော့နည်းသော
စိုက်ပျိုးမြေဟက်တာ ၂၇၅၀၀၀ ကို ပျမ်းမျှအပင်ဖုံးအုပ်မှု ဧရိယာဖြစ်စေရေး
တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ၂၀၂၁-၂၀၃၀ ခုနှစ်ကာလအတွင်း
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် (tCO2e) ၁၀ ဒသမ ၄ သန်းကို မြန်မာနိုင်ငံက စုဆောင်းရယူနိုင်မည့်
အခြေအနေများကိုလည်းကောင်း ဆွေးနွေးသည်။
ထို့နောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ၊
အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပို့ဆောင်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့်
သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြု ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment