Friday, November 25, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၂၅

၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေး၍ ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊  ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၂ခုနှစ်၊ (၅၉) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ(က)အဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲသို့တက်ရောက်လာနိုင်သည့် အသင်းနှစ်သင်းဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်၊ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ရှေ့တန်းတိုက်စစ်ကစားသမားများ၏ အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိမှု၊ ဂိုးသမားများ၏ လက်စွမ်းပြကာကွယ်မှုများကြောင့် သာမာန်ပွဲကစားချိန်အတွင်း တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိခြင်းမရှိခဲ့သဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပိုပထမပိုင်း ၆ မိနစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ဦးဆောင်ဂိုးကို လှပစွာသွင်းယူရရှိခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ချေပဂိုးပြန်လည်ရရှိနိုင်ရေး အင်တိုက်အားတိုက် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးရရှိခဲ့ခြင်းမရှိသောကြောင့် ပွဲစဉ်ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စစ်ရေးပြမှူးကြီးဦးဆောင်၍ အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံး အသင်း ၆ သင်းတို့မှ အားကစားသမားများက ဇေယျာသီရိတပ်မတော် အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက (ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိ သည့် အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ် ကိုယ်စားပြုအသင်းတို့အား အသန့်ရှင်း ဆုံးအသင်းဖလားဆု၊ ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း။

တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် (က)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များလည်းကောင်း။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက(က)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများနှင့် (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များလည်းကောင်း။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က(ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းအားလည်းကောင်း၊  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က(က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းအားလည်းကောင်း ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၅၀ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခုဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက် ဒိုင်းဆုကြီးကို ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူအရာရှိနှင့် အားကစားသမားများက လက်ခံရယူသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော်အဖွဲ့၊ အားကစားအသင်း(၁၇)သင်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့တို့က စစ်ကြောင်းပုံဖြင့် ချီတက်၍ လက်ဝှေ့ရမ်းနှုတ်ဆက်ပြီး ဇေယျာသီရိတပ်မတော်အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပြန်လည်လက်ပြနှုတ်ဆက်ကြသည်။

ထိုသို့ ချီတက်ထွက်ခွာနေချိန်တွင် (၅၉) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြုပစ်ဖောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment