Sunday, November 27, 2022

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော် နိုဝင်ဘာ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေမြင်တင်အုပ်စု သစ်ပုတ်ကုန်းကျေးရွာ၌ တရားမဝင်သစ်ခွဲသားမျိုးစုံ ၃ ဒသမ ၅၉၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၉၁၆)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ နိုဝင်ဘာ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၇၇၂၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မိုးညှင်းမြို့သို့မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင်အစေ့ငယ်များ ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော Mitsubi-shiFuso အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းမှန်လည်ပြတင်းချပ်များ ၄ ဒသမ ၅၂၁၉ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၈၄၄၅၄) ကိုသိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဂွေးချောင်းလမ်းဆုံ၌ တရားမဝင် မအူသစ်ခွဲသား ၆ ဒသမ ၉၄၃၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၀၆၆)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ၂၂ ရက်၊ ၂၄ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ခြောက်မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၉၉၆၃၆)ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment