သိန်းထွန်း (IR)
အုပ်ချုပ်ရေး
အုပ်ချုပ်ရေး (Governance)သည် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် (သို့မဟုတ်) အကောင်အထည်မဖော်သည့် လုပ်ငန်းစဉ်ဟု ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က ဖွင့်ဆိုပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးသည် လူထု၏အကျိုးစီးပွားဆိုင်ရာ
ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လူ့အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုရေး
ရင်းမြစ်များကို စုစည်းရာတွင် အုပ်ချုပ်ရေးအာဏာ၊ ထိန်းကျောင်းမှုနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို
ကျင့်သုံးသည့် လုပ်ငန်းစဉ်ဟုလည်း ဆိုပါသည်။ ယင်းလုပ်ငန်းစဉ်တွင် နိုင်ငံတစ်နိုင်ငံ၏
ရေးရာများကို စီမံခန့်ခွဲရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးအာဏာများကို
ကျင့်သုံးခြင်းများ ပါဝင်ပါသည်။
ကုလသမဂ္ဂ၏အဆိုအရ အုပ်ချုပ်ရေးသည် နိုင်ငံကို အုပ်ချုပ်ရန်အတွက်
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာများကို ကျင့်သုံးခြင်းကို ရည်ညွှန်းခေါ်ဆိုပါသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က အုပ်ချုပ်ရေးသည် နိုင်ငံတစ်နိုင်ငံကို စီးပွားရေး၊
မူဝါဒနှင့် ဥပဒေရေးရာကဏ္ဍများပါဝင်သော စီမံခန့်ခွဲမှု အယူအဆတစ်ခုအဖြစ် ဆိုပါသည်။ သို့ဖြစ်ရာ
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍသုံးရပ်တွင်
အုပ်ချုပ်ရေးလုပ်ငန်းစဉ်သည် နိုင်ငံအတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တွေ့ရပါသည်။
ကောင်းမွန်သောအုပ်ချုပ်ရေး
(Good Governance)
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်သည် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုကို
အထောက်အကူ ဖြစ်စေသကဲ့သို့ အရည်အသွေးအားနည်းသော အုပ်ချုပ်ရေးစနစ်တစ်ရပ်သည်လည်း နိုင်ငံကို
ဆုတ်ယုတ်မှု ဖြစ်စေပါသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ သဘောတူညီထားသည့်
အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသော်လည်း ကောင်းမွန်သော အုပ်ချုပ်ရေးတွင် ပါဝင်သည့် အသွင်လက္ခဏာရှစ်ခုရှိကြောင်း
ကုလသမဂ္ဂအားရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က ဆိုပါသည်။ ယင်းတို့မှာ
ပူးပေါင်းပါဝင်မှု၊ အများဆန္ဒကို အခြေခံမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှု၊ တုံ့ပြန်နိုင်စွမ်းရှိမှု၊
စွမ်းရည်ရှိမှုနှင့် ထိရောက်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုနှင့် ဥပဒေကို
လေးစားလိုက်နာမှုတို့ ဖြစ်ပါသည်။
ကောင်းမွန်သောအုပ်ချုပ်ရေးသည် အဂတိလိုက်စားမှု လျော့နည်းစေရန်အတွက်
လူနည်းစု၏ဆန္ဒကို ထည့်သွင်း စဉ်းစားသည့်အပြင် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူ့အဖွဲ့အစည်းအတွင်းရှိ
အများဆုံး ထိခိုက်နိုင်ခြေရှိသူများ၏ ဆန္ဒကို အလေးထားပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်း၏
ပစ္စုပ္ပန် အခြေအနေနှင့် အနာဂတ်အတွက် လိုအပ်ချက်များကို တုံ့ပြန်နိုင်စွမ်းလည်း ရှိကြပါသည်။
တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ
အောင်မြင်စေရန်အတွက် လိုအပ်သော နိုင်ငံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်များ၊
ရလဒ်များနှင့် ဆက်စပ်နေပါသည်။
ပြည်သူ့အုပ်ချုပ်ရေး
(Public Administration)
ပြည်သူ့အုပ်ချုပ်ရေးသည် အများပြည်သူ အကျိုးမြှင့်တင်ရန်နှင့်
အပြုသဘောပြောင်းလဲမှုကို ထိရောက်စေရန်အတွက် ဦးဆောင်သူများက လူထုအား ဝန်ဆောင်ပေးသည့်
နယ်ပယ်တစ်ခုဖြစ် ပါသည်။ အမေရိကန်သမ္မတ Woodrow Wilson အဆိုအရ ပြည်သူ့အုပ်ချုပ်ရေး သည် ဥပဒေများနှင့်
ပြည်သူ့ရေးရာမူဝါဒ များကို စနစ်တကျ ကျင့်သုံးခြင်းဟု ဆိုပါသည်။ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင်
အစိုးရလုပ်ငန်းများဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ ဖွဲ့စည်းခြင်း၊ ညွှန်ကြားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
ကွပ်ကဲခြင်းတို့ ပါဝင်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူလူထုအား ဝန်ဆောင်မှုများ
ထောက်ပံ့ပေးပြီး ပြည်သူလူထု၏ အကျိုးစီးပွားများကို နည်းလမ်းအမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးပါသည်။
တစ်နည်းအားဖြင့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများနှင့် လုပ်ငန်းစဉ်များသည် ပြည်သူလူထုနှင့်
အနီးကပ်ဆုံး ဆက်စပ်လျက်ရှိကြပြီး အုပ်ချုပ်ရေးယန္တရားများသည် အထက်နှင့်အောက်ကို ဆက်စပ်ပေးနေသည့်
ပင်နီယံများလည်း ဖြစ်ပါသည်။
ထို့အပြင် ပြည်သူ့အုပ်ချုပ်ရေးစနစ်များ ပါဝင်သည့် စီမံခန့်ခွဲသူများနှင့်
ဒေသန္တရအဆင့် ယန္တရားများသည် အစိုးရ၏မူဝါဒများကို လက်တွေ့အောင်မြင်စေပြီး နိုင်ငံတော်၏
လုပ်ငန်းတာဝန်များနှင့် ဝန်ဆောင်မှုများကို ဖြန့်ခွဲပေးသည့် လမ်းကြောင်းလည်း ဖြစ်ပါသည်။
ထိုသို့ အကောင်အထည်ဖော်ရာတွင် ပြည်သူ့အုပ်ချုပ်ရေး၏ စွမ်းဆောင်နိုင်မှုများအပေါ်မူတည်၍
အစိုးရတစ်ရပ်၏ နိုင်ငံရေးကတိများကို ပြည့်ဝစေပြီး အထူးကိစ္စရပ်များကို အောင်မြင်စွာ
အကောင်အထည် ဖော်နိုင်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးစနစ်၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်မှာ ပြည်သူလူထု၏
ပူးပေါင်းပါဝင်မှုဖြစ်ပြီး ထိုသို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကြား
ဆက်ဆံရေး ချောမွေ့စေပါသည်။ သို့ဖြစ်ရာ ပြည်သူ့အုပ်ချုပ်ရေးစနစ်သည် အစိုးရနှင့် ပြည်သူလူထုအကြား
ပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်ရန်အတွက် အကောင်းဆုံး ယန္တရားတစ်ခု ဖြစ်ပါသည်။
စွမ်းဆောင်ရည်မြင့်မားသော ပြည်သူ့အုပ်ချုပ်ရေး
ပြည်သူ့အုပ်ချုပ်ရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သာမက နိုင်ငံသား တစ်ဦးချင်းစီ၏ နေ့စဉ်လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေးကို အထောက်အကူ
ပြုလျက်ရှိပါသည်။ စွမ်းဆောင်ရည်ပြည့်ဝသော ပြည်သူ့အုပ်ချုပ်ရေးစနစ်များကြောင့် လူ့အဖွဲ့အစည်းအတွင်း
တည်ငြိမ်မှုရရှိစေပြီး ပြည်သူ့ရေးရာ စိန်ခေါ်မှုများကို လျော့ကျစေပါသည်။ EN Gladden ၏ အဆိုအရ ထိရောက်သော
ပြည်သူ့အုပ်ချုပ်ရေး၏ လက္ခဏာ သုံးရပ်ရှိပါသည်။
၎င်းတို့မှာ သတ်မှတ်ထားသည့် လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များ
ပြည့်မီရန် လိုအပ်ခြင်း၊ ပို၍အရေးပါသည့် အုပ်ချုပ်ရေးဆိုင်ရာ နည်းစနစ်များ သို့မဟုတ်
လူမှုပတ်ဝန်းကျင်အတွင်း ပြောင်းလဲမှုများကြောင့် မြင့်တက်လာနိုင်သော ရေရှည်လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးသည် ဗဟိုမှချမှတ်ထားသော စီမံကိန်းနှင့်
လိုက်လျောညီထွေဖြစ်ရုံသာမက သီးခြားဌာနများ၏ အထူးလိုအပ်ချက်များနှင့်လည်း ကိုက်ညီရန်
လိုအပ်ခြင်းတို့ ဖြစ်ပါသည်။
ထို့အပြင် လျင်မြန်စွာ ခေတ်မီတိုးတက်နေသည့် အချိန်ကာလတွင်
တစ်ကမ္ဘာလုံး ဆက်နွှယ်လာမှု၊ နည်းပညာ တိုးတက်မှု၊ စီးပွားရေးတိုးတက်လာမှု၊ လူသားတို့၏
လိုအပ်ချက်များ ယခင်ကထက် များပြားလာခြင်းတို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်များ
ပိုမိုမြှင့်တင် နေကြရပါသည်။ ပြည်သူ့အုပ်ချုပ်ရေး စွမ်းဆောင်ရည်များမြင့်မားရေး ဆောင်ရွက်နေချိန်
တစ်ဖက်တွင် စိန်ခေါ်မှုများလည်း ရှိနေဆဲ ဖြစ်ပါ သည်။
ယင်းစိန်ခေါ်မှုများတွင် လွဲမှားသော စီမံခန့်ခွဲမှုများ သို့မဟုတ်
အဂတိလိုက်စားမှုများ၊ ဝန်ထမ်းများ စိတ်ဓာတ်မတက်ကြွခြင်း သို့မဟုတ် လေ့ကျင့်သင်ကြားမှုအားနည်းခြင်း၊
အစိုးရဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ
မကိုက်ညီခြင်း၊ ကြိုးနီစနစ်များရှိနေခြင်း ကဲ့သို့သော အခက်အခဲ အတားအဆီးများကြောင့်
နိုင်ငံသားများသည် ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများ မရရှိသည့်အပြင် အများပြည်သူဆိုင်ရာ
ဝန်ဆောင်မှုများ ရရှိရန်အတွက် ရှုပ်ထွေးသည့် ဗျူရိုကရေစီယန္တရားများနှင့် ရင်ဆိုင်နေကြရပါသည်။
ယင်းစိန်ခေါ်မှုများသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုတွေ့ကြုံနေ ကြရပါသည်။
ယနေ့အခါ နိုင်ငံသားများသည် မိမိတို့၏ရပိုင်ခွင့်များနှင့်
အစိုးရ၏တာဝန်များကို ပိုမိုသိရှိ လာကြပါသည်။ သို့ဖြစ်ရာ ပြည်သူ့အုပ်ချုပ်ရေး၏ အခန်းကဏ္ဍနှင့်
တာဝန်များသည် သဘောသဘာဝအရ ပို၍အရေးပါလာနေပါပြီး ပြောင်းလဲနေသည့် လိုအပ်ချက်များနှင့်
လူ့အဖွဲ့အစည်း၏ တောင်းဆိုမှုများကို တုံ့ပြန်ရန်အတွက် စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိနေပါသည်။
ထိုပြောင်းလဲမှုများတွင် နည်းပညာများ ထိုးဖောက်ဝင်ရောက်လာခြင်း၊ စီမံခန့်ခွဲဆိုင်ရာ
အယူအဆအသစ်များ ကျင့်သုံးလာခြင်း၊ လူထု၏လိုအပ်ချက်နှင့် ဆန္ဒများကို ထည့်သွင်း စဉ်းစားလာခြင်းများသည်
ပြည်သူ့အုပ်ချုပ်ရေးနယ်ပယ်မှ ခေတ်ရေစီးကြောင်းအသစ်အချို့အဖြစ် တွေ့ရပါသည်။
ထိုသို့သော အခြေအနေမျိုးတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်
တည်ဆောက်ရေး၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝများ
အဆင်ပြေချောမွေ့လာစေရန် ထိရောက်၍ စွမ်းရည်ပြည့်ဝသည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်များကို
နိုင်ငံအဆင့်၊ ဒေသဆိုင်ရာ အဆင့်အလိုက်မြှင့်တင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေး၏
စွမ်းဆောင်ရည်မြှင့်တင်ရာတွင် သမားရိုးကျ အုပ်ချုပ်မှုပုံစံများကို ခေတ်၏အခြေအနေ၊ နိုင်ငံ၏အခြေအနေနှင့်
ပြည်သူလူထု၏ လိုအပ်ချက်များအလိုက် ပြုပြင်ပြောင်းလဲ၍ မြှင့်တင်ကြရမည် ဖြစ်ပါသည်။
ပြည်သူ့အုပ်ချုပ်ရေးပုံစံသစ်
(New Public Administration)
ပြည်သူ့အုပ်ချုပ်ရေး ပုံစံသစ်သည် ၁၉၆၀ ပြည့်နှစ်များအတွင်း
ပေါ်ပေါက်လာခဲ့ပြီး ပြည်သူ့ရေးရာကဏ္ဍကို စီးပွားရေးဆန်ဆန် ပို၍လုပ်ဆောင်နိုင်ရန် ကြိုးပမ်းချက်တစ်ခု
ဖြစ်ပါသည်။ ယင်းသည် ပုဂ္ဂလိကကဏ္ဍမှ အတွေးအခေါ်များနှင့် စီမံခန့်ခွဲမှုပုံစံများကိုယူ၍
အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဖြစ်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးပုံစံသစ်သည်
ရလဒ်ကောင်းများ ပိုမိုရရှိရန်အတွက် အရင်းအမြစ်ထိန်းချုပ်မှုကို ပိုမိုလျှော့ချထားပြီး
အခြားဝန်ဆောင်မှုပေးသည့် ပုံစံများကိုအသုံးပြုခြင်းတို့ ပါဝင်ပါသည်။
ထို့အပြင် ဝန်ဆောင်မှုပေးရာတွင် ပိုမိုကောင်းမွန်၍ မြန်ဆန်စေရေး
ကြိုးပမ်းမှုအဖြစ် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကဝန်ဆောင်မှုပေးသူများ တစ်ဖက်နှင့်တစ်ဖက်
ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက်ပုံစံတစ်ပိုင်းလည်း ပါဝင်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးပုံစံသစ်၏
အဓိကဦးတည်ချက်မှာ ရလဒ်နှင့် ပြည်သူလူထုကိုအခြေခံခြင်း ဖြစ်ပါသည်။ ထိုဦးတည်ချက် အောင်မြင်စေရန်အတွက်
ပြည်သူ့အုပ်ချုပ်ရေး ပုံစံသစ်သည် စွမ်းဆောင်ရည်နှင့် ဈေးကွက်ဆိုင်ရာပုံစံများ စစ်ဆေးသုံးသပ်ခြင်းအပြင်
ရည်မှန်းချက်များအလိုက် စီမံခန့်ခွဲမှုပညာကို အသုံးချခြင်းလည်း ပါဝင်ပါသည်။
၎င်းအပြင် ပြည်သူ့အုပ်ချုပ်ရေးပုံစံသစ်၏ ချို့ယွင်းချက်များကို
တုံ့ပြန်သည့် ပြည်သူ့ဝန်ဆောင်မှု ပုံစံသစ် အယူအဆလည်း တွေ့ရပါသည်။ ဤအယူအဆအရ ပြည်သူ့အုပ်ချုပ်ရေးသည်
လူ့အဖွဲ့အစည်းကို ထိန်းချုပ်ရန် သို့မဟုတ် စီမံခန့်ခွဲရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံသားများ၏
အကျိုးစီးပွားများဆိုင်ရာ ကျေနပ်မှုရရှိစေရန်နှင့် အောင်မြင်မှုရရှိစေရန် ကူညီပေးခြင်းဖြစ်သည်ကို
တွေ့ရသည်။
ယင်းအယူအဆ၏ အနှစ်သာရ ရရှိစေသည့် အခြေခံအချက် ခုနစ်ချက် ရှိပါသည်။
ယင်းတို့တွင် စီမံခန့်ခွဲမှု နည်းနည်းဖြင့် ဝန်ဆောင်မှုပိုမိုရရှိစေခြင်း၊ မဟာဗျူဟာကျကျ
တွေးခေါ်၍ ဒေသအလိုက် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဖောက်သည်ကိုမဟုတ်ဘဲ ပြည်သူလူထုကို ဝန်ဆောင်မှုပေးခြင်း၊
တာဝန်ယူမှုသည် လွယ်ကူသည့် အလုပ်မဟုတ်သော်လည်း တာဝန်ရှိသူများသည် ၎င်းတို့၏ တာဝန်များကို
ထမ်းဆောင်ရာတွင် ဥပဒေများ၊ လူ့အဖွဲ့အစည်း၏တန်ဖိုးများ၊ နိုင်ငံရေးစံနှုန်းများ၊ ပရော်ဖက်ရှင်နယ်စံနှုန်းများနှင့်
နိုင်ငံသားများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်း၊ တာဝန်ရှိသူများသည် ၎င်းတို့၏
လုပ်ဆောင်ချက်များအပြင် ပြည်သူလူထုအား လေးစားခြင်း၊ တာဝန်ရှိသူများသည် နိုင်ငံသားများနှင့်
ပြည်သူ့ဝန်ဆောင်မှုများကို တန်ဖိုးထားခြင်းတို့ကို တွေ့ရပါသည်။
ပြည်သူ့အုပ်ချုပ်ရေးပုံစံသစ်သည် သမားရိုးကျ ပြည်သူ့အုပ်ချုပ်ရေး၏
အားနည်းချက်များကို ပြုပြင်၍ ပြည်သူလူထုအား ထိရောက်သော ဝန်ဆောင်မှုရရှိစေရန် ရည်ရွယ်သည်ကို
တွေ့ရပါသည်။
ပြုပြင်ပြောင်းလဲရေး
ပြည်သူ့အုပ်ချုပ်ရေးသည် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊
လူမှုစီးပွားဘဝများ မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံများ တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို စီမံခန့်ခွဲခြင်းနှင့် တရားဥပဒစိုးမိုးရေး
ထိန်းသိမ်းခြင်း စသည့်နယ်ပယ်များစွာကို ကိုင်တွယ်ဖြေရှင်းကြရပါသည်။ ထိုသို့များပြားလှသော
လုပ်ငန်းတာဝန်များ ထိရောက်စေရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးစွမ်းရည်ကို ဟန်ချက်ညီ ပြောင်းလဲတိုးတက်မှသာ
ရလဒ်ကောင်းများကို ရရှိစေနိုင်ပါသည်။
ထို့အပြင် ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ဖြစ်စေရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးအား
စွမ်းဆောင်နိုင်မှုအပေါ် အခြေခံခြင်း၊ ဖွဲ့စည်းမှု၊ လူသားရင်းမြစ်စီမံခန့်ခွဲမှု၊ နည်းပညာများ
ပိုမိုအသုံးချခြင်းတို့မှာလည်း ခေတ်နှင့်အညီ ပြောင်းလဲရမည့် ကဏ္ဍများအဖြစ် တွေ့ရပါသည်။
သမားရိုးကျပြည်သူ့ အုပ်ချုပ်ရေးတွင် တွေ့ရှိရသည့် အားနည်းချက်များကို ပြုပြင်ပြောင်းလဲရာတွင် e-government ကျင့်သုံးခြင်းဖြင့်လည်း
မြန်ဆန်ထိရောက်စေသည့်အပြင် ပြည်သူ့အုပ်ချုပ်ရေးတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊
ကုန်ကျမှုနှင့်အညီ ထိရောက်မှုနှင့် တုံ့ပြန်နိုင်မှု အရည်အသွေးများကို ရရှိစေပါသည်။
ပြည်သူ့အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်ရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ
အဆင့်တိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေး စွမ်းဆောင်ရည်နှင့် ထိရောက်မှုများကို အသိအမှတ်ပြုခြင်း၊
ပြောင်းလဲခြင်း၊ မြှင့်တင်ခြင်းများ လုပ်ဆောင်ကြရပါသည်။ ပြည်သူ့အုပ်ချုပ်ရေးကို မြှင့်တင်ရာတွင်
ပြည်သူ့အုပ်ချုပ်ရေးစနစ်အတွင်း ကဏ္ဍအလိုက် မတူညီ သော လိုအပ်ချက်ပေါင်းများစွာ ရှိနိုင်ပါသည်။
ယင်းလိုအပ်ချက်များနှင့် အားလုံး အကျုံးဝင်သည့် ကဏ္ဍငါးခုမှာ -
(က) ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ
ဖွဲ့စည်းမှုပုံစံ၊
(ခ) တိကျသော
အခန်းကဏ္ဍများနှင့် တာဝန်ယူမှုများ၊
(ဂ) စနစ်များနှင့်
လုပ်ထုံးလုပ်နည်းများ၊
(ဃ) လူသားရင်းမြစ်များ၊
(င) ဘဏ္ဍာရေးရင်းမြစ်များ
ပါဝင်ပါသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ပြည်သူ့အုပ်ချုပ်ရေး၏
စွမ်းဆောင်ရည် ပြည့်ဝမှုအပေါ်မူတည်၍ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားများ
ဖြစ်စေပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် စွမ်းဆောင်ရည်မပြည့်ဝမှုကြောင့် နောက်ပြန်ဆွဲအားများ
ဖြစ်စေနိုင်သည်ကိုလည်း သတိပြုကြရပါမည်။ ပြည်သူ့အုပ်ချုပ်ရေး၏ လုပ်ငန်းစဉ်များသည် ပြည်သူကိုဗဟိုပြု
ဆောင်ရွက်ရသည်ဖြစ်ရာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ တိုးတက်မြင့်မားသည်နှင့် ပြည်သူတစ်ဦးချင်း
သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် နေ့စဉ်လူမှုစီးပွားဘဝများကို အဆင်ပြေ ချောမွေ့စေပြီး
ရလဒ်ကောင်းများ ရရှိစေမည် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင် ချို့ယွင်းအားနည်းသော ပြည်သူ့အုပ်ချုပ်ရေးစနစ်များကြောင့်
လူထုအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်စေသည့်အပြင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ပြည်သူလူထု၏
ပူးပေါင်းလုပ်ဆောင်မှု အားနည်းလာခြင်း၊ ယုံကြည်မှုကျဆင်းခြင်း၊ စီးပွားရေးလုပ်ကိုင်ရန်
ခက်ခဲလာခြင်း၊ တရားဥပဒေစိုးမိုးရေးကျဆင်းခြင်း စသည့် အကျိုးဆက်များလည်း ဖြစ်ပေါ်လာတတ်ကြပါသည်။
အထက်ပါအချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့်အပြင်
နက်နဲကျယ်ပြန့်သည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ပြုပြင်ပြောင်းလဲရာတွင် စိန်ခေါ်မှုများစွာ
တွေ့ရမည်ဖြစ်ပါသည်။ သို့သော်လည်း ရင်ဆိုင်နေရသည့် ရေတို စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်
နိုင်ငံတည်ဆောက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူရရှိစေမည် ဖြစ်ပါသည်။ ။
ကိုးကား-
၁။ What is Good Governance? ,
United Nations Economic and Social Commission for Asia and the Pacific.
၂။ Role of Public
Administration in Good Governance and Local Development, International Journal of
Economics, Commerce and Management, Vol. V, Issue 5, May 2017
၃။ Good governance and its
relationship to governance of public administration, Security Theory and
Practice 4/2017 survey article
No comments:
Post a Comment