နေပြည်တော် နိုဝင်ဘာ ၁၀
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ”၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေးဗဟို
ရန်ပုံငွေသည် ရေရှည်ဆောင်ရွက် သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော
ပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို
ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ်
အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊
ရန်ပုံငွေစနစ် ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍
ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရမည်ဖြစ်ကြောင်း ပြောကြား
သည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး
ကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲ
ပြီးစီးမှုနှင့် ကျင့်သုံးသင့်သည့်ပုံစံ များကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့
တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး
အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား
ပြောကြားသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံ ငွေ အကောင်အထည်ဖော်ရေး
ကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်စွဲပါ အမိန့်
ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍
သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏
ပင်စင်ခံစားခွင့်များနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့်
ပင်စင်ရန်ပုံ ငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊
ဥပဒေကြမ်းကို ပိုမိုပြည့်စုံစေရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ
သို့ပေးအပ်မည့် ပင်စင်အကျိုး ခံစားခွင့်များကိုလည်း အသေးစိတ်
သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment