Saturday, November 19, 2022

ဝန်ထမ်းများပျော်ရွှင်အပန်းပြေစေရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့ ဖျော်ဖြေ

 


နေပြည်တော် နိုဝင်ဘာ ၁၈

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းပြေပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ မြန်မာ့အသံမှတေးသံရှင်များက နေပြည်တော်ရှိဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။

ကြည့်ရှုအားပေး

အဆိုပါဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ပေးအပ်ချီးမြှင့်

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင်ဂျင်းနီ၊ မြန်မာ့အသံမှ တေးသံရှင်များက တေးသရုပ်ဖော် အကများ၊ မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အဉ္ဇလီ အငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီး ဖူးဧကရီဆောင်း၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ ဇင်ဝိုင်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က အငြိမ့်ကပြမှုဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က တေးဂီတအဖွဲ့၊ မြန်မာ့အသံမှ တေးသံရှင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment