ဟန်နိုင်စိုး
ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီးတော့ အခုလိုမိန့်ကြားဖူးပါတယ်။ “လူ့လောကမှာ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အဝမထိန်းချင်ကြဘူး။ အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ်ပေးတယ်။ အဆောင်အယောင်တွေ၊ ပကာသနတွေ၊ သီလထိန်းတာက လူမမြင်ရတော့ အရသာကတယ် မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ သာယာဖွယ်ဖြစ်တယ်။ အင်း ... သံသရာနဲ့ ကြည့်လိုက်တော့ လူချီးမွမ်းမခံရတဲ့ သီလကမှစိတ်ချရတာပဲ။ ဘဝကူးကောင်းဖို့နဲ့ပတ်သက်လာလျှင် သီလကဒါနထက်ပိုပြီး အားကိုး ရတယ်။ တချို့များ သီလဖျက်ပြီးတော့စီးပွားရှာလိုက်ကြတာ။ သားသမီးတွေကလည်း မိဘလုပ်တဲ့အတိုင်းလိုက်လုပ်ကြတာပဲ။ သံသရာထဲမှာ ရင်လေးစရာပေါ့။ သံသရာခရီး တစ်လျှောက်လုံးအတွက်ပါကြည့်ရမှာ” လို့ ဆရာတော်ဘုရားကြီး ဆုံးမခဲ့ဖူးတာကို စာပေတွေထဲကနေ မှတ်သားဖူးတယ်။
သီလစောင့်ဖို့
တွန့်ဆုတ်နေ
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနအား
အင်မတန်ကောင်းတာ ကမ္ဘာမှာကျော်ကြားပါတယ်။ ထိုနည်းတူစွာပဲ မြန်မာတွေ သီလအားကောင်းတာကိုလည်း
ကမ္ဘာကျော်စေချင်တယ်။ ဒါပေမယ့် မြန်မာတွေရဲ့ သီလစောင့်ထိန်းမှုက ဒါနထက် အားနည်းတာတော့အမှန်ပါ။
ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရပ်ထဲမှာပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
“အူမ တောင့်မှသီလစောင့်မယ်” တဲ့။ အဲဒီစကားကို သေချာစေ့ငုကြည့်လိုက်ရင် “အူမမတောင့်ရင်
သီလမစောင့်နိုင်ဘူး” ဆိုတဲ့ သဘောသက်ရောက်နေတာ။ အူမကတော့ ဘယ်အချိန်၊ ဘယ်အခါမှတောင့်မလဲဆိုတာ
မသိဘူး။ ဒီစကားအရ သီလစောင့်ဖို့အတွက် တွန့်ဆုတ်နေတာတော့ထင်ရှားတယ်။ သီလစောင့်ဖို့အတွက်
တွန့်ဆုတ်နေတော့ဘာဖြစ်သလဲ။ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာတတ်တယ်။
လူတွေဟာ အူမတောင့်ဖို့အတွက် နေ့စဉ်နဲ့အမျှ
စီးပွားဥစ္စာတွေရှာကြရ၊ ဖွေကြရတယ်။ အလုပ်တွေလုပ်ရတယ်။ နှုတ်နဲ့ပြောပြီးအလုပ်လုပ်တယ်။
ကိုယ်ကာယစိုက်ထုတ်ပြီးတော့ စီးပွားဥစ္စာတွေရှာကြရတယ်။ အဓိကကတော့ အူမတောင့်ဖို့၊ ဝမ်းရေးဖြည့်တင်းဖို့အတွက်ပါပဲ။
ဒါကို အသက်မွေးဝမ်းကျောင်းလို့လည်း ခေါ်ကြတယ်။
အဲဒီလို အသက်မွေးဝမ်းကျောင်းလုပ်တဲ့အခါမှာ
လူတွေအားလုံးဟာ ကောင်းမွန်တဲ့စိတ်နေ စိတ်ထားနဲ့ချည်း အလုပ်လုပ်နေကြတာတော့ မဟုတ်ဘူး။
အချို့က မကောင်းတဲ့အနေအထား တွေနဲ့လည်း လုပ်ကြတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စိတ်ဓာတ်နဲ့၊ မိမိကြီးပွားရင်ပြီးရော တခြားလူတွေဘာဖြစ်ဖြစ်ဆိုတဲ့ အနေအထားမျိုးနဲ့လည်း
အလုပ်လုပ်ကြတယ်။ ဥပမာ စီးပွားရှာတဲ့အခါမှာ ကိုယ်အူမတောင့်ဖို့အတွက် စားသောက်ကုန်တွေဆိုလည်း
အတုလုပ်တာတွေရှိတယ်။ ဆေးဝါးတွေဆိုရင်လည်း အတုလုပ်တာတွေရှိတယ်။ ဆီဆိုလည်းမသန့်တာတွေနဲ့ရောတယ်။
အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ရောတယ်။ အသီးအနှံတွေကအစ ဆိုးဆေးတွေသုံးတယ်။ နွားနို့ဆိုရင်လည်း
ရေလေးနည်းနည်းတော့ရောလိုက်ရမှ နေသာထိုင်သာရှိတယ်။ အချို့ ငါးပိထုတ်လုပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း
ဓာတ်မြေဩဇာတွေနဲ့ရောတယ်လို့ သတင်းတွေကြားနေရတာပဲ။ ငါးပိကြိုက်တဲ့ မြန်မာလူမျိုးတွေရဲ့
ကျန်းမာရေး ဘယ်လောက်ထိခိုက်ကုန်မလဲ။
ရောဂါဝေဒနာတွေ
တဖြည်းဖြည်းများလာ
အခုမြန်မာနိုင်ငံမှာ အသည်းရောဂါ၊ ကျောက်ကပ်
ရောဂါတို့ပိုပိုပြီးတော့ များလာတာဟာ အဲဒီလို အစားအသောက်တွေကြောင့်ဖြစ်တယ်လို့ စာအုပ်ထဲမှာဖတ်ဖူးတယ်။
ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ဓာတုဗေဒဆေးတွေ၊ ဓာတ်မြေဩဇာတွေ အလွန်အကျွံအသုံးပြုပြီးတော့
စိုက်ပျိုးထားတဲ့ သီးနှံတွေကိုစားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့မဆုံးနိုင်အောင် ရောဂါဝေဒနာတွေဖြစ်လာကြမှာပဲ။
ဒါ့ကြောင့်မို့လို့ရောဂါဝေဒနာတွေ တဖြည်းဖြည်းများလာ တာဟာ အကုသိုလ်ကံကြောင့်ချည်း သက်သက်တော့မဟုတ်ဘူးရယ်။
လူတွေရဲ့အကျင့် သီလချို့ယွင်းခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပိုပြီးတော့ဖြစ်လာတာလည်းပါတယ်လို့
ပညာရှိ ဆရာတော်ဘုရားကြီးတွေက မိန့်ဆိုကြတယ်။ တချို့ကလည်း ဒါကို “အူမတောင့်မှ သီလစောင့်နိုင်မယ်”
ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောနေကြတယ်။ တကယ်တော့ သီလဆိုတဲ့ သဘောတရားက ပတ်ဝန်းကျင်နဲ့
ဆက်စပ်ပြီးနေတာဖြစ်တယ်။
အလွယ်ဆုံးထပ်ပြီးတော့ပြောရရင် မြန်မာတွေ
သီလနဲ့ပတ်သက်ပြီးတော့ အလွန်ကိုနားလည် လွယ်တဲ့ ငါးပါးသီလအကြောင်းပဲ အရင်စဉ်းစားကြည့်ပါဦး။
ဥပမာ သူတစ်ပါးအသက်ကို မသတ်ပါဘူးဆိုတဲ့ ပါဏာတိပါတကံကိုထိန်းမယ်ဆိုရင် ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါရှိတဲ့
ပတ်ဝန်းကျင်နေရာမှာပဲ စောင့်ထိန်းလို့ရတယ်။ ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါ၊ တစ်ဦးတစ်ယောက်မှ
မရှိတဲ့နေရာဆိုရင် အဲဒီကံကို ကျူးလွန်ချင်ရင်တောင် ကျူးလွန်လို့မရဘူး။
အဒိန္နာဒါနဆိုရင်လည်း ဒီအတိုင်းပဲခိုးစရာ
ပစ္စည်းမရှိ၊ ခိုးစရာပစ္စည်းလည်းမတွေ့နိုင်တဲ့ ပတ်ဝန်းကျင်နေရာမျိုးမှာ ဘယ်ဟာကိုသွားခိုးမလဲ။
ခိုးစရာပစ္စည်းလည်းရှိ၊ ပတ်ဝန်းကျင်လည်း ရှိလို့သာ ကျူးလွန်လို့ရတာ။ မုသာဝါဒလည်းတူတူပါပဲ။
လိမ်ညာပြောဆိုခံရမယ့်ပုဂ္ဂိုလ်၊ သတ္တဝါကရှိဦးမှ လိမ်ညာပြောဆိုလို့ရတာလေ။
ကာမေသုမိစ္ဆာစာရလည်း ထို့အတူပါပဲ။ အဲဒီ
ကံကျူးလွန်မယ်ဆိုရင်ကိုယ့်ပတ်ဝန်းကျင်မှာ သူတစ်ပါး၊ သားမယားက အဆင်သင့်ရှိနေဦးမှ ကျူးလွန်လို့ရတာ။သုရာမေရယဆိုရင်လည်း
ပတ်ဝန်းကျင်နဲ့ အများကြီးဆက်စပ်တယ်။ ရှည်ရှည်မတွေးပါနဲ့ဦး။ အရက်သေစာသောက်စားလို့ မူးယစ်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့မိသားစုဒုက္ခရောက်တယ်။ အရက်စွဲနေတယ်၊ မူးယစ်ဆေးဝါးစွဲနေတယ်ဆိုရင်
သူ့မိသားစုကနံပါတ်တစ်အရင် ဒုက္ခရောက်ရတယ်။
သီလဆိုတဲ့သဘောက အဓိပ္ပာယ်တွေအများကြီးရှိ
ဆိုတော့ သီလဆိုတဲ့သဘောက ပတ်ဝန်းကျင်နဲ့
ဆက်စပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိတယ်။ Society တစ်ခုမှာ လူတစ်ယောက် ကိုယ်ကျင့်သီလကောင်းလိုက်ရင်
ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးစိတ်ချမ်းသာရာရတယ်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်ကစပြီး
တစ်နိုင်ငံလုံး စောင့်ထိန်းနိုင်လေ၊ တစ်နိုင်ငံလုံးအေးချမ်းလေ၊ တစ်ကမ္ဘာလုံးစောင့်ထိန်းနိုင်လေ
တစ်ကမ္ဘာလုံးအေးချမ်းလေဖြစ်မှာပဲ။
ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီးတော့ အနောက်တိုင်းပညာရှိတွေရဲ့
ထင်ရှားတဲ့အဆို အမိန့်တစ်ခုကိုလည်း ချန်မထားခဲ့ချင်လို့ တင်ပြပါရစေ။ အဲဒါကတော့ “when
wealth is lost, nothing is lost. When health is lost, something is lost. When
character is lost, everything is lost.” ဆိုတဲ့စကားပါ။ ဥစ္စာဓနဆုံးရှုံးသောအခါ ဘာမျှမဆုံးရှုံးသေးပါ။
ကျန်းမာမှုဆုံးရှုံးတဲ့အခါ တစ်စုံတစ်ခုဆုံးရှုံးပါပြီ။ ကိုယ်ကျင့်တရားဆုံးရှုံးရင်တော့
အားလုံးကိုဆုံးရှုံးပြီလို့ ဆိုပါတယ်။
ကိုယ်ကျင့်တရားကို ပါဠိလို “သီလ” လို့
ခေါ်တယ်လို့ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ “မြတ်သီလ” စာအုပ်မှာ ဖော်ပြထားတယ်။ ဆိုတော့
“When Character is lost, Everything is lost.” စကားအတိုင်းပါပဲ။ လူသားတွေအားလုံးဟာ
ကိုယ့်ကျင့်သီလတွေဆုံးရှုံးရင်တော့ အားလုံးကိုဆုံးရှုံးရပါပြီ။ “အူမတောင့်မှသီလစောင့်မယ့်”
လူတွေများလာရင် အထက်မှာဆိုခဲ့သလို စားသောက်ကုန်အတု၊
ဆေးဝါးအတုတွေနဲ့ မူးယစ် ရမ်းကားနေတဲ့သူ၊ ဓားထောက်လုယက်မယ့်သူတွေ၊ လိမ်ပြောတဲ့သူ၊ သူတစ်ပါးသားမယား
စော်ကားတဲ့သူတွေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သူတွေများလာရင် လူ့အဖွဲ့အစည်းတစ်ခုဟာ
ချည့်နဲ့သွားပါလိမ့်မယ်။
သီလခြံရံပြီးပြုတဲ့ဒါနမှ
ပိုပြီးအကျိုးပေးနိုင်
အနှစ်ချုပ်ရရင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ အဲဒီအဆုံးအမကတော့ “လူတစ်ယောက်ဟာ
ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါနမရှိတာက အကျိုးမရတာပဲရှိမယ်။
သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။ တစ်ခါဒါနပြုတဲ့အခါမှာလည်း သီလမပါဘဲနဲ့ပြုရင်
အကျိုးပေးမသန်နိုင်ဘူး။ သီလခြံရံပြီးပြုတဲ့ဒါနမှ ပိုပြီးအကျိုးပေးသန် နိုင်တယ်။ ဒါကြောင့်
သီလကတော့အခြေခံပဲ။ သီလကတော့ဇာတ်လိုက်ပဲ။ သီလကိုလက်လွတ်လို့ မဖြစ်ဘူး။” ဟူ၍ပင် ဖြစ်ပါတယ်။
ပြီးတော့ ဗုဒ္ဓသာသနာမှာ လိုရင်းအနှစ်ချုပ်က
ဒါန၊ သီလ၊ ဘာဝနာလို့ပဲဆိုဆို၊ သီလ၊ သမာဓိ၊ ပညာ လို့ပဲပြောပြော အဲဒီနှစ်ခုစလုံးမှာ သီလကတော့
မပါမဖြစ်ပါဘဲ။ သီလကတော့ ဘုံပါနေတာပါပဲ။ ဒါနဆိုတာ သူတစ်ပါးချမ်းသာအောင် ပြုလုပ်ရတာဖြစ်ပြီး
သီလကတော့ သူတစ်ပါးမဆင်းရဲအောင် ကိုယ်၊ နှုတ်၊ စိတ်သုံးပါးစလုံးကို ထိန်းသိမ်းစောင့်ရှောက်တဲ့
အလုပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကိုအကြောင်းပြုပြီး သူတစ်ပါးမဆင်းရဲရလေအောင်၊ လူ့အဖွဲ့အစည်းမပျက်စီးရလေအောင်
ကိုယ်ကျင့်သီလကို အတတ်နိုင်ဆုံးထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေခင်ဗျာ။
စာဖတ်သူများအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊
ချမ်းသာကြပါစေခင်ဗျာ။။
ကိုးကား-
မဟာဂန္ဓာရုံဆရာတော်၏
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းဩဝါဒများ
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ သီလ နှင့် ပညာတရားတော်
ဒေါက်တာမင်းတင်မွန်၏
“မြတ်သီလ” စာအုပ်
No comments:
Post a Comment