ကိုပေါက်
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင်
အကောင်းဆုံးအက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာတွေနဲ့ပတ်သက်လို့
အိုင်တီပညာရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ်အချိန်နဲ့အမျှ တီထွင်ထုတ်လုပ်ဖန်တီးပေးလျက်ရှိပါတယ်။ ဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ Game တွေဟာ လူငယ်လူရွယ်တွေကိုသာမက ကလေးသူငယ်၊
လူကြီးတွေပါမကျန် ဖမ်းစားထားနိုင်တဲ့ စိတ်ဝင်စားဖွယ် နည်းပညာ ကုန်ပစ္စည်းဖြစ်ပါတယ်။
“ခေတ်ကပြောင်းသွားပြီဦးလေးရေ။ ဦးလေးတို့၊
အဒေါ်တို့ခေတ်လိုမဟုတ်တော့ဘူး။ ကျွန်တော် တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေထဲမှာ
ပဲပျော်မွေ့နေကြတာ။ ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊ လည်စရာကမရှိ၊ မရှိတာတွေများတော့ နည်းပညာတွေထဲမှာနေတာပဲကောင်းတာပေါ့။
ပျော်စရာလည်းဖြစ်တယ်။ အပျင်းလည်း ပြေတယ်။ အားလပ်ချိန်တွေကို ဂိမ်းထဲမှာပဲဖြုန်းလိုက်တဲ့သဘောပေါ့”
လို့ ၂၀၂၀ ပြည့်နှစ်က ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိပါတယ်။
ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူကို
ပြန်လည်ခွန်းတုံ့ပြန်တာကို နားထောင်ခဲ့ရပါ တယ်။ တူလေးရဲ့စကားဟာ အဲဒီအချိန်ကာလအဖို့တော့
မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ
ထွက်ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။
ဆိုးကျိုးတွေဖြစ်လာနိုင်
နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို
ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ
အဆက်မပြတ် ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။
ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို
ကြေညာပေးကြသလို နည်းပညာကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ
ဖန်တီးမိတ်ဆက်ကြပါတယ်။
ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့
ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့အကောင်းဆုံး ပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ
လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊
လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊
နည်းပညာအသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့
ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခဏာတွေဖြစ်လာနိုင်တာတွေကိုတော့
ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်။
အန္တရာယ်ရှိတဲ့ဂိမ်းတွေ
ဂိမ်းဆိုတာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့
တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်းကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက
ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့
ကစားပွဲတွေအထိ စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့
စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက်
Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့
လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ်စရာတွေဖြစ်လာပါတယ်။
ဂိမ်းဆိုတာတိုက်ကြ၊ ခိုက်ကြတာဖြစ်လို့
ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမဲ့ တချို့ဂိမ်းတွေဟာ အလွန်အကျွံရက်စက်မှုတွေနဲ့
အကြမ်းဖက်ရက်စက်မှုတွေကို လမ်းပြထားတာတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက်ခဲ့တဲ့
ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေကို အကြောင်းမဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တဲ့
ဂိမ်းတွေဖြစ်ပြီးဂိမ်းကစားတဲ့ လူငယ်တွေကို စွဲလမ်းသဘောကျစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့
တာဟာကောင်းသလား၊ မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဂိမ်းနဲ့ပတ်သက် တဲ့ ဆိုရှယ်မီဒီယာဟာလူငယ်တွေကို
ဘယ်လိုလွှမ်းမိုးခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။
အကြမ်းဖက်ရှေ့ပြေးဂိမ်း
၂၀၁၀ ပြည့်နှစ်ကထုတ်လုပ်တဲ့ Infinity
Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှုတွေကို အထူးလှုံ့ဆော်တဲ့ ဂိမ်းတစ်ခုအဖြစ်
သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ပုံစံဖြစ်ပြီး
လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်းပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေအကြမ်းဖက်မှုကိုကြိုက်နှစ်သက်ဖို့
နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်က
ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal ဟာ ဂိမ်းအတွင်းက ဇာတ်ကောင်အသက်ရှင်ကျန်ရစ်ဖို့
ရန်သူအမြောက်အမြားကိုသတ်ဖြတ်ဖို့ သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးတွေ စတဲ့ လက်နက်တွေ အကုန်လုံးအသုံးပြုထားပါတယ်။
ပိုဆိုးတဲ့အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။
အဲဒီအတွက် ဒီဂိမ်းကို နိုင်ငံအတော်များများက တားမြစ်ခဲ့ ပါတယ်။
၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal
Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ဒါကို ထပ်မံဖြည့်စွက်ပြီး အသက်သွင်းလိုက်တဲ့ အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါလောက်အောင်
လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေပါဝင်ခဲ့ပြီး ဂိမ်းကစားသူတွေကို
စွဲလမ်းသွားစေခဲ့ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့
Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ
ပြုလုပ်နိုင်ပြီး အရာအားလုံးကို ပစ်ခတ်သတ်ဖြတ်ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့သူဟာ
ကားခိုးဖို့အတွက် ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို ပြန်လည်သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်းဝေဖန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘောဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေထားပြီး
ထုတ်လုပ်ခဲ့ရပါတယ်။
ရက်စက်မှုတွေကမ်းကုန်
အကြမ်းဖက်ဂိမ်းတွေထုတ်လုပ်တဲ့နေရာမှာ
ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်ကထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယိုအဖြစ်ဆုံးနဲ့
ရက်စက်မှုတွေ သရဖူဆောင်းလောက်အောင် ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့
Soldier ofFortune ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
အလွန်ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို
ဂျာမနီနိုင်ငံအတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ နမူနာဂိမ်းတွေဟာ နိုင်ငံတကာဂိမ်း
သမိုင်းမှာ ရက်စက်ဆုံးဂိမ်းတချို့ဖြစ်ပြီး တခြားရက်စက်တဲ့ဂိမ်းတွေနှစ်အလိုက်၊ စီးရီးအလိုက်
ပေါ်ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူငယ်တွေနဲ့လူ့အသိုက်အဝန်းကို
ဂိမ်းတွေဟာ ဘယ်လောက်အကျိုးပြုခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက်ကာလလူငယ်တွေကြားမှာ
လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြုသင့်တဲ့ဂိမ်းတွေနဲ့လည်း
ပတ်သက်မယ်လို့ ထင်ပါတယ်။
အကြမ်းဖက်မှုတွေမှာအသုံးချ
မကြာသေးမီနှစ်များအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်လာပြီး
အကန့်အသတ်နဲ့နေရစဉ်မှာ လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစားလာပါတယ်။ ပိုဆိုးလာတာက
မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးကိုအကြောင်းပြုလို့ အိုင်တီပညာရှင်တချို့ဖန်တီးထားတဲ့
PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျမှာ အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ဒီဂိမ်းကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ ပြည်တွင်း/ပြည်ပက စိတ်ခံစားချက်မြင့်မားတဲ့
မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က အသုံးပြုခဲ့ကြ ပါတယ်။
တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်တွေကို
အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ်လို့ရအောင် ဖန်တီး ပေးထားတာလို့ဆိုပါတယ်။ အမှန်တကယ်တော့
ဂိမ်းစွဲလမ်းတဲ့လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂိမ်းထဲမှာကစားတဲ့
ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့်
၅၀၀၀ ရပါတယ်။ နောက်တစ်နည်းက ဒီဂိမ်းဆော့ဖို့ ကျည်ဆန်တွေကို ကြော်ငြာတွေကိုကြည့်ပြီး
ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း
ဒီလိုဂိမ်းတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ
မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး ဂိမ်းကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။
ဂိမ်းဆိုတာ လူငယ်လူရွယ်တွေအတွက် အပျင်းပြေ၊ အပျော်အဖြစ် ကစားတယ်ဆိုပေမယ့် အန္တရာယ်ရှိနိုင်တဲ့
ဂိမ်းတွေကိုတော့ သတိထားကစားဖို့လိုအပ်ပါတယ်။ NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ ပြည်သူတွေကို
တော်လှန်ရေးအကြောင်းပြပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ
ရန်ပုံငွေတွေရရှိဖို့နဲ့ လူငယ်တွေလမ်းမှားရောက်စေမယ့် PDF Game တွေကိုဖန်တီးခဲ့ကြပါတယ်။
ဒီ PDF Game Application တွေကို လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။
အခုပေါ်ထွက်နေတဲ့ အန္တရာယ်ရှိတဲ့ PDF
ဂိမ်းတွေဟာ PDF Hero ၊ PDF Hero-2၊ End Game-
Union Multiplayer War of Heroes တွေဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့်
ဖန်တီးထုတ်လုပ်တာဖြစ်ဖြစ်၊ ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်။
အရေးယူခံရမှာဖြစ်
စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို
ဂိမ်းမှာပါဝင်တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေဟာ
PDF Game ကြော်ငြာအားလုံးကို ကြည့်ရှုပြီးပါက အလှူငွေကျပ် ၅၀ အလိုအလျောက်ပေးသွင်းပြီးဖြစ်နေပါတယ်။
ဒါကြောင့် PDF Game တွေကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတဲ့ ကစားနည်းဖြစ်တယ်ဆိုတာကို
လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေး ဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ
သက်ဆိုင်ရာကလုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကိုတွေ့ရှိရင်
အရေးယူခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့
လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေးယူခံရမှာဖြစ်ပါတယ်။
နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ
ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အပျင်းပြေစေဖို့ ဂိမ်းတွေဖန်တီးထုတ်လုပ်ကြတာကို အပြစ်မဆိုလိုပါဘူး။
ဒါပေမဲ့ ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာဆော့ကစားကွက်တွေထက် ပိုမိုလွန်ကဲတဲ့လူတွေရဲ့စိတ်ဓာတ်နဲ့
စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေးလမ်းပြဖန်တီးထားမှုတွေကိုတော့ သတိထားဖို့ လိုပါတယ်။
ဂိမ်းတွေစတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲဂိမ်း၊
ငါးဖမ်းဂိမ်း၊ ကားပြိုင်ပွဲဂိမ်း၊ စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ ဂိမ်းတွေဟာ အပျော်သက်သက်ဖြစ်ပေမယ့်
၂၀၀၀ ပြည့်လွန်ကာလတွေက စလို့ ပေါ်ပေါက်လာတဲ့ဂိမ်းတွေထဲမှာ လောင်းကစားဂိမ်းတွေ၊ ဒုစရိုက်မှုကိုအားပေးတဲ့
ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်းဖက်ဂိမ်းတွေ ပေါ်ပေါက်လာပါတယ်။
မျက်မှောက်ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက်ရက်စက်မှုတွေ ပိုများလာတဲ့သဘောဖြစ်လာတာတွေကို
တွေးတောဆင်ခြင်ကြည့် ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ဆိုးတဲ့အခြေအနေ တွေဖြစ်လာတာက
တိုင်းပြည်တွေရဲ့ နိုင်ငံရေးလောကမှာ ဂိမ်းတွေကိုအသုံးချလာလို့ အစိုးရတွေက ပိတ်ပင်တားမြစ်အရေးယူ
ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး
မြေပြင်ပေါ်မှာရော အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ အဖျက်အမှောင့်တွေ အမျိုးမျိုးအဖုံဖုံ
ဖန်တီးလာကြပါတယ်။ ယခုအသုံးချလာတဲ့ PDF Game တွေဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး
လူငယ်တွေကို ဒုက္ခရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ်ပါတယ်။
အကြမ်းဖက်ဂိမ်း တွေနဲ့ စိတ်ကူးယဉ်မယ်ဆိုရင် ဂိမ်းကိုနိုင်အောင်မကစားနိုင်ဘဲ PDF
Game ကစားတဲ့သူတွေ ဂိမ်းသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့
မိဘအုပ်ထိန်းသူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား
ကြဖို့စေတနာကောင်းနဲ့ အသိပေးနှိုးဆော်လိုက်ရပါတယ်။ ။
No comments:
Post a Comment