နေပြည်တော် နိုဝင်ဘာ ၁၇
ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ(၁၈)လတာ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသားအဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့် “ဝ” အထူး ဒေသအတွင်းပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ယနေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(သစ္စာခန်းမ)၌ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့်
နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊
ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရန်နှင့် နိုင်ငံသားအရည်အချင်းပြည့်မီသူများအတွက်
ရသင့်သည့်ကတ်ပြားကို သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးကြရန်လိုသကဲ့သို့ မရသင့်သူများကို
ထုတ်ပေးမှုမပြုမိစေရေးအတွက် ဂရုတစိုက်အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ “ဝ” အထူးဒေသအတွင်း သွားရောက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအတွက်
ကိုယ်ရေးအချက်အလက်မှတ်တမ်းမှတ်ရာများကို စနစ်တကျပြုစုထားရှိရန်နှင့် သက်ဆိုင်ရာဒေသတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ကြရန်လိုကြောင်း။
နိုင်ငံတော်မှဖွဲ့စည်းပေးထားသည့် မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်း
စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅-ဦးကော်မတီ)တွင် ပါဝင်ဆောင်ရွက်မည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည်လည်း
နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြုဆောင်ရွက်ကြရန်နှင့်
ဥပဒေအရ ဆက်လက်တင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း ကာယကံရှင်များကို အသေးစိတ်ရှင်းလင်းချပြဆောင်ရွက်ကြရန်လိုကြောင်း၊
နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် ဆောင်ရွက်ပေးရန် လျာထားချက်ကို သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရေးအတွက်
ရုံးစာရွက်စာတမ်းပုံစံများအပါအဝင် လိုအပ်ချက်များကို ကြိုတင်မျှော်တွေးစိစစ်ဆောင်ရွက်ထားရန်နှင့်
လိုအပ်ချက်များကို အချိန်မီတင်ပြ ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းပြီးစီးမှုများနှင့်
ထူးခြားဖြစ်စဉ်များအား သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့်
အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအမြန်ဆုံးပြီးပြတ်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း
ရှင်းလင်းမှာကြားသည်။
ထို့နောက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်နိုင်နိုင်ဦးက “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ မလိုလားအပ်သောအုပ်ချုပ်မှုကိစ္စများ မဖြစ်ပွားစေရေးတို့နှင့်
စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “ဝ” အထူးဒေသအတွင်း
သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို အဖွဲ့ ခေါင်းဆောင်
ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွန့်ထံ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်
တိုင်းမှူးတို့သည် “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ကွင်းဆင်းဆောင်ရွက်ရာတွင် ယူဆောင်သွားမည့်
ရုံးစာရွက်စာတမ်းပုံစံများ၊ အထောက်အကူပြုပစ္စည်းများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်မည့်
ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း ရင်းနှီးချစ်ကြည်စွာ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဦးမြင့်ကြိုင်သည် လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရွှေလီရိပ်သာရှိ ရွှေလီရတနာခန်းမ၌
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ
ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတာသိန်းဇော်၊
“ဝ” ဆက်ဆံရေးရုံး တာဝန်ခံဦးဟဲလု၊ နိုင်ငံသားစိစစ်ခြင်းဆိုင်ရာ(၅)ဦး ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့်
တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက်
ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများအတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့်
ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ရွေးကောက်ပွဲမဲစာရင်း
မှန်ကန်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
လဝက တို့ပူးပေါင်းကာ မြေပြင်ကွင်းဆင်းကောက်ယူဆောင်ရွက်မည့်အစီအစဉ်များ၊ ယင်းလုပ်ငန်းစဉ်များ
အောင်မြင်ရေးအတွက် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်သည့်အစီအစဉ်များနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း/ဒေသဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက နယ်မြေဒေသ အလိုက် မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက်
ပေါင်းစပ်ဆောင်ရွက်သွားမည့်အစီအစဉ်၊ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးရန်လိုအပ်သည့်
ဒေသနှင့် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဒေသအာဏာပိုင်များမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်
အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး
တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment