နေပြည်တော် နိုဝင်ဘာ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးရုံးသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး အိမ်ထောင်စု ၁၀၀၀ စာ သိုလှောင်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း စနစ်တကျစာရင်းထားရှိဆောင်ရွက်ရန်နှင့် Inventory Management Software ကို လက်တွေ့အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးဝင်းအတွင်းရှိ
ခြောက်ခန်းတွဲသုံးထပ်ဝန်ထမ်းအိမ်ရာနှင့် ပြည်နယ်ဦးစီးမှူးရုံးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်
ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Quick Win
Project များ အပါအဝင် ဌာနမှဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး
မိမိတို့၏လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် မိမိတို့၏
လုပ်ဆောင်ချက်များကိုလည်း အများပြည်သူသိရှိနိုင်ရေး အစီရင်ခံရန်လိုအပ်ပါကြောင်း၊ မိမိတို့
ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဆောင်ရွက် ရသည့်အတွက်
လိုအပ်သောကျွမ်းကျင်မှုများရှိရန်လိုအပ်ကြောင်းနှင့် ပြည်သူလူထုအတွက် အမြဲအဆင်သင့်ဖြစ်စေလိုကြောင်း၊
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးကိစ္စရပ် များအား အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား၍
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးနှင့် မြေနေရာကိုကြည့်ရှုကာ
ရုံး၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကိုမှာကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးလက်အောက်ရှိ
မူလတန်းကြိုကျောင်း အမှတ်(၁)ဘားအံသို့သွားရောက်ပြီး မူကြိုအရွယ်ကလေးငယ်များကို ဘက်စုံဖွံ့ဖြိုးမှုရရှိရေး
အတွက် ပြုစုပျိုးထောင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းသို့
တက်ရောက်နေသော ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ဆရာမများကို
နှုတ်ဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့
အမှတ်(၉)ရပ်ကွက်ရှိ မူလတန်းကြို ကျောင်းအမှတ် (၂)ဘားအံသို့ရောက်ရှိပြီး ကလေးများ၏ ကာယ၊
ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်း ဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဖွံ့ဖြိုးမှုရရှိစေရန်
ပြုစုပျိုးထောင်ပေးနေမှု၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုကို
ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး၌
ကရင်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်းရှိ
ဌာနသုံးခုမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment