Saturday, November 26, 2022

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်

 

နေပြည်တော် နိုဝင်ဘာ ၂၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်” အဖြစ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ (၇၅)နှစ်စိန်ရတုတိုင်ဖြတ်သန်းခဲ့သည့် လွတ်လပ်ရေး၏အနှစ်သာရများ၊ သမိုင်းမှတ်တမ်းတစ်လျှောက် အစဉ်အလာကြီးမားခဲ့သည့် လွတ်လပ်ရေးနေ့၏ပုံရိပ်များနှင့် လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်ရမည့် မွန်မြတ်သောရည်ရွယ်ချက်များ အစရှိသည်တို့ကို ဖော်ညွှန်းရေးသားထားသော ဆောင်းပါးများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်။

ဆောင်းပါးပြိုင်ပွဲကို မည်သူမဆိုကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပုံနှိပ်ဖော်ပြခြင်းမရှိသေးသည့် စာမူများအား Pyidaungsu Font Size 13 ဖြင့် စာမျက်နှာ(၅) မျက်နှာမှ (၇)မျက်နှာအထိ ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်စာမူနှစ်စောင်နှင့် Softcopy CD တစ်ခွေကို ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းဝန်ခံချက်ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ရမည်။ ပြိုင်ပွဲဝင်ဆောင်းပါးများကို အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများတွင် အသုံးပြုခြင်းကိုသဘောတူခွင့်ပြုရမည်။

ပြိုင်ပွဲဝင်စာမူများကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ(၄)နာရီနောက်ဆုံးထား၍ စာမူစိစစ်ရွေးချယ်ရေးအဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ်(၂၂၈) သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသောစာမူများကို ပြိုင်ပွဲဆောင်းပါးအဖြစ်လက်ခံမည်မဟုတ်ကြောင်း သိရသည်။

No comments:

Post a Comment