Monday, November 7, 2022

လုမ္ဗိနီက မြန်မာတို့၏ အလှူဒါနများ

မောင်သံငြိမ်း

(ယမန်နေ့မှအဆက်)

လုမ္ဗိနီနှင့်ကျွန်တော်

၁၉၉၁ ခုနှစ် ဧပြီလတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ကျွန်တော့်ကို ခန့်အပ်ခဲ့ ပါသည်။ ထိုစဉ်က အမေရိကန်နိုင်ငံဆိုင်ရာသံရုံး ယာယီတာဝန်ခံ/ သံမှူးအဖြစ် ဝါရှင်တန်၌ တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ ယခင် သံအမတ်ကြီး အငြိမ်းစားယူသွားပြီးနောက် သံအမတ်ကြီးတစ်ဦး အဆိုပြုခဲ့ရာ သဘောတူညီချက် မပေးသဖြင့် ကျွန်တော်က သံရုံးယာယီတာဝန်ခံသံမှူးအဖြစ် ၁၀ လခန့် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ နောက်သံအမတ်အတွက် သဘောတူညီချက်ရပြီး ၁၉၉၁ ခုနှစ် ဩဂုတ်လတွင် ဝါရှင်တန်မှ ထွက်ခွာခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လာပြီး ထိုစဉ်က နိုင်ငံအကြီးအကဲနှင့် ဝန်ကြီးများအား ဂါရဝပြု ညွှန်ကြားချက်ခံယူရပါသည်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလမှာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်သို့ရောက်ရှိပြီး နီပေါဘုရင် ဘီရင်ဒရာ (ယခု နတ်ရွာစံပြီး) ထံ သံအမတ်ခန့်အပ်လွှာ ပေးနိုင်ခဲ့ပါသည်။

 

 

 

 

 


 

နီပေါနိုင်ငံသို့ မသွားရောက်သေးမီ အချိန်ကာလအတွင်း နိုင်ငံအတွင်းရှိ စာအုပ်စာတမ်းများ ရှာဖွေဖတ်ရှု ခဲ့ပါသည်။ လုမ္ဗိနီအကြောင်း မြန်မာဘာသာဖြင့် ရေးသားမှုနည်းပါးပြီး အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအကြောင်း၊ သမိုင်းအကြောင်း အနည်းငယ် ဖော်ပြထားသည်။ ခရီးသွားလမ်းညွှန်စာအုပ်အချို့တွင် လုမ္ဗိနီအကြောင်း ထင်ထင်ရှားရှား ရေးသားမှု မရှိခဲ့ပါ။ သို့ရာတွင် စာကြည့်တိုက်အချို့မှ တန်ဖိုးရှိ စာအုပ်တစ်အုပ် နှစ်အုပ် တွေ့ရှိလေ့လာခွင့်ရရှိခဲ့ ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနရှိ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ စာတွဲများကို ဖတ်ရှုရာ အားရဖွယ်ရာမရှိပါ။ ယခင်ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာဝင် အနည်းစုပါဝင်သော ဖွံ့ဖြိုးရေးအဖွဲ့၏ အလွဲသုံးစားပြုမှု မကောင်းသတင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၁၉၉၁ ခုနှစ် မေလတွင် နီပေါအစိုးရသစ်က လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း ကြားသိရ၍ ယခင်အဖွဲ့များကဲ့သို့ မဟုတ်ဘဲ ရာထူးဌာနန္တရအရ တာဝန်ပေးသည့် ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ဥက္ကဋ္ဌနှင့် အတွင်းဝန်သုံးဦး ခန့်ထားပြီး ကျန် ၁၇ ဦးမှာ ဗုဒ္ဓဘာသာဝင် ပါမောက္ခကြီးများ ပါဝင်ကြောင်း၊ ဂျပန်နိုင်ငံက အငြိမ်းစားဝန်ကြီးတစ်ဦး ပါဝင်ကြောင်း၊ တက်ကြွစွာ လှုပ်ရှားလျက်ရှိကြောင်း သတင်းကောင်း ကြားသိရပါသည်။

ကျွန်တော့်အနေဖြင့် နီပေါနိုင်ငံ၌ ၎င်းအဖွဲ့နှင့် မလွဲမသွေ ဆက်သွယ်ရမည်ဖြစ်ပြီး မည်သို့တုံ့ပြန်ရမည်ကို ညွှန်ကြားချက်ခံယူခဲ့ရာ အတွင်းရေးမှူး (၁) က “ကျွန်တော်တို့ အစိုးရအနေဖြင့် ဗုဒ္ဓသာသနာထွန်းကားရေး အတွက် ဘုရားတည်၍ ရသည့်နေရာ ဘုရားတည်မည်၊ ကျောင်းဆောက်ရသည့်နေရာတွင် ကျောင်းဆောက်မည်။ ဒါကျွန်တော်တို့မူပဲဟု ပြောကြားခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။

ကြိုတင်မျှော်တွေးထားသည့်အတိုင်း ကျွန်တော် ခတ္တမန္ဒူသို့ရောက်ပြီး သုံးလခန့်အကြာ ၂၂-၁-၁၉၉၂ ရက်တွင် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့၊ ဂေါပကအဖွဲ့ (Lumbini Development Trust) မှ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ပါမောက္ခကြီးနှစ်ဦးနှင့် အဖွဲ့ဝင်အချို့ မြန်မာသံအမတ်ကြီးထံ လာရောက်တွေ့ဆုံ ဆွေးနွေးကြပါသည်။

ဂေါပကအဖွဲ့ဝင်များက အလျားသုံးမိုင်၊ အနံတစ်မိုင်ရှိ “ပင်မစီမံကိန်း = Master Plan” မြေပုံကြီးကို ချပြ၍ ရှင်းလင်းပြောကြားပြီး ဗုဒ္ဓသာသနာ ထွန်းကားသော မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း သိရှိရသဖြင့် လာရောက် ရှင်းပြခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ပါမောက္ခကြီးများက မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းလင်းအတောက်ပဆုံး နိုင်ငံဖြစ်၍ လည်းကောင်း၊ သံအမတ်ကြီးကိုယ်တိုင် မေးမြန်းစုံစမ်းမှုများရှိနေ၍လည်းကောင်း၊ နိုင်ငံခြား တိုင်းပြည်များအနက် ယခုကဲ့သို့ ပထမဆုံး လာရောက်ရှင်းပြ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ အမြန်ဆုံး တုံ့ပြန်အဖြေပေးစေလိုကြောင်း ပြောပါသည်။ ကျွန်တော်က နိုင်ငံတော်ကလည်း အထူး စိတ်ဝင်စား၍ လမ်းညွှန်မှုများရှိပါကြောင်း၊ တစ်ထိုင်တည်း အဖြေပေးရလျှင် “ဘုန်းတော်ကြီး ကျောင်းများဇုန် မှ အကောင်းဆုံး မြေကွက်နှစ်ကွက် ရယူလိုကြောင်း ပြန်ကြားပြောဆိုခဲ့ရာ ဂေါပကလူကြီးများ အထူးအံ့အားသင့်သွားကြပါသည်။

ဂေါပကလူကြီးများက ပင်မစီမံကိန်းမြေပုံကြီးကိုချပြ၍ ပထမဆုံးတုံ့ပြန် ပြောကြားသဖြင့် ကြိုက်ရာ မြေကွက်ရွေးခွင့်ဖြင့် ဂုဏ်ပြုလိုပါကြောင်း အားရ ဝမ်းသာပြောကြပါသည်။ ကျွန်တော်ကလည်း လုမ္ဗိနီတွင် အခွင့်အခါကြုံခိုက်၊ ရှိသင့်သည့် သာသနိကအဆောက်အအုံ၊ အရွယ်အစားနှင့် ဦးရေကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ မီတာ ၁၂ဝ ပတ်လည် မြေကွက်တစ်ကွက်နှင့် မီတာ ၆ဝ ပတ်လည် မြေကွက်နှစ်ကွက် ရယူလိုပါကြောင်း၊ မယ်တော်မာယာဒေဝီ ဗိမာန်တည်ရှိရာ “မြင့်မြတ် သော ဥယျာဉ်ဇုန်နှင့် အနီးဆုံး၊ ထိပ်ဆုံးမှ မြေကွက် နှစ်ကွက် ရယူလိုကြောင်း တင်ပြရာ ဂေါပကအဖွဲ့က သဘောတူပါကြောင်း၊ မြန်မာနိုင်ငံအတွက် သတ်မှတ်ထားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ ယင်းမြေကွက်များ ပေါ်တွင် မြန်မာဗိသုကာလက်ရာဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ပုံတူစေတီ တော် တစ်ဆူ၊ (ဉာဏ်တော်အမြင့် သတ်မှတ်ချက်ရှိပါသည်) ဘုန်းတော်ကြီးကျောင်း၊ ဓမ္မသဘင်ခန်းမ ဇရပ်တစ်ခု၊ သိမ်တစ်ခု၊ ဘုရားဖူးများ တည်းခိုရန် အဆောင်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း အသိပေးပြောကြားခဲ့ပါသည်။

ဂေါပကအဖွဲ့ပြန်သွားပြီး ချက်ချင်းပင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော် အစိုးရသို့တင်ပြခဲ့ရာ မဆိုင်းမတွပင် “တင်ပြချက်မူအားဖြင့် သဘောတူသည်၊ ကော်မတီဖွဲ့၍ ဆောင်ရွက်မည်ဟု ပြန်ကြားချက်ရခဲ့ပါသည်။ မြန်မာတို့၏ အလှူ၊ မြန်မာ့ဗိသုကာလက်ရာဖြင့် သာသနိက အဆောက်အအုံများ မြတ်ဗုဒ္ဓဖွားမြင်တော်မူရာ လုမ္ဗိနီ၌ ပေါ်ထွန်းလာမည့်အရေး တွေးတော ဝမ်းသာပီတိဖြစ်ပြီး အိပ်မပျော်သော ညတစ်ည ကြုံတွေ့ခဲ့ရပါသည်။

ထို့နောက် ထိုစဉ်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် သံဃမဟာနာယက ဆရာတော်ကြီးများ ထံမှ သြဝါဒခံယူပြီး သာသနာတော်အကျိုး၊ နိုင်ငံတော်အကျိုး၊ ပြည်သူလူထု၏ အကျိုးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပေသည်။

လုမ္ဗိနီတွင် မြေကွက်များရယူ လက်တွေ့ဆောင်ရွက်နိုင်ခဲ့ပါပြီ။ မြန်မာဗိသုကာလက်ရာ သာသနိက အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းမည်ကို ပြည်သူများသို့ အသိပေးခဲ့ရာ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းကြသူ ပြည်သူများက စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြပါသည်။ မြေကွက်များရယူရေး မြေငှားစာချုပ်ကို ဂေါပကအဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ၁၁-၂-၁၉၉၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ အဖွဲ့ဥက္ကဋ္ဌ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ တိုင်းသံအမတ်ကြီးတို့ရှေ့တွင် မြန်မာသံအမတ်ကြီးနှင့် ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပါမောက္ခကြီး ဗဟာဒူးစကြာတို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့နှင့် လုမ္ဗိနီတွင် ဉာဏ်တော် ၇၂ ပေခွဲရှိ လောကမဏိ စူဠာစေတီတော် တည်ထားရေးလုပ်ငန်းများ စတင် နိုင်ခဲ့ပါသည်။ လုမ္ဗိနီတွင် နှစ်ရာထောင်ချီပြီးမှ ပထမဆုံး ပေါ်ပေါက်လာတော့မည့် မြန်မာအစိုးရနှင့် ပြည်သူတို့၏ အလှူလောကမဏိစူဠာစေတီတော် မြတ် တည်ထားရေးလုပ်ငန်းများ အစပျိုးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မဇ္ဈိမဒေသတွင် ဗုဒ္ဓဘာသာသမိုင်းကို ပြန်ကြည့်ပါက ထွန်းကားသည့်ကာလ၊ တိမ်မြုပ်ပျောက်ကွယ်သည့် ကာလ၊ အားပေးသည့် သာသနာ့ဒါယကာများ ပေါ်ပေါက်ခဲ့သည့်ကာလ၊ နှောင့်ယှက်ဖျက်ဆီးလိုသူများ ပေါ်ပေါက်သည့်ကာလဟူ၍ အမျိုးမျိုး ကြုံတွေ့ခဲ့ရပါသည်။

လုမ္ဗိနီဒေသမှာလောကဓံတရား အနိမ့်အမြင့်တွင်တစ်ချိန်က နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ကြုံတွေ့ခဲ့ရပါသည်။ ဘီစီ ၃ ရာစုတွင် သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်းကြီး (အသောကမင်းကြီး)က လုမ္ဗိနီဥယျာဉ်သို့ ရောက်ရှိလာပြီး အရှင်ဥပဂုတ္တ၏ ညွှန်ပြချက်အရ ဘုရားဖွားတော်မူရာနေရာတွင် အမှတ်အသားပြု ကျောက်တိုင်တစ်ခု စိုက်ထူခဲ့ရာ ယနေ့အထင်အရှား တွေ့မြင်နိုင်ပြီး ဖွားမြင်တော်မူရာနေရာပြ အသောက ကျောက်တိုင်ဟု ခေါ်ဝေါ်လျက်ရှိကြပါသည်။

မြေပြင်အထက် ၁၃ ပေ ကျော်မြင့်ပြီး လုံးပတ်ခုနစ်ပေ သုံးလက်မရှိသည်။ မူလက ကျောက်တိုင် ထိပ်တွင် မြင်းရုပ်ပါရှိခဲ့သည်ဆိုသော်လည်း ယခုမတွေ့ရှိရပါ။ ထို့နောက် နှစ်ပေါင်း ၆၀၀ ကျော် ချုံနွယ်များပိတ်ဖုံးပြီး တိမ်မြုပ်ပျောက်ကွယ်ခဲ့ရကြောင်း သိရပါသည်။

၁၈၉၅ ခုနှစ်တွင်မှ ရှေးဟောင်းသုတေသီ ဒေါက်တာအေဖူရာနှင့် ဗိုလ်ချုပ်ကြီး ခတ်ခါရမ်ရှား ရာနာ၏ အကူအညီဖြင့် အသောကကျောက်တိုင်ကိုလည်းကောင်း၊ တောင်ကုန်းငယ်အဖြစ် တည်ရှိနေ သော မယ်တော် သီရိမဟာမာယာဒေဝီ ဗိမာန်၊ ဖွားမြင်တော်မူခန်း ကျောက်ရုပ်နှင့် ရှေးဟောင်း စေတီများ၏နေရာများကို ရှာဖွေတွေ့ရှိရကြောင်း၊ တူးဖော်မှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၁၉၅၆ ခုနှစ်တွင် နီပေါနိုင်ငံ၏ ထေရဝါဒ ဗုဒ္ဓဘာသာအသင်း၊ ဓမ္မောဒယစာဘအသင်းက ကျောက်တိုင်အနီး ကျောင်းတစ်ဆောင်ဆောက်လုပ်ခဲ့ရာ ထိုဒေသတစ်ဝိုက် အကြီးဆုံးသာသနိက အဆောက်အအုံတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၉၅၆ တွင် နတ်ရွာစံသွားသည့် နီပေါဘုရင်မဟိန္ဒရာရောက်ရှိလာပြီးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပထမဆုံး စိတ်ဝင်စားစွာ လမ်းညွှန်မိန့်ကြားခဲ့ကြောင်း သိရှိရပါသည်။ ၁၉၆၇ ခုနှစ်တွင်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် လုမ္ဗိနီသို့ရောက်ရှိလာခဲ့ပြီး မြန်မာ နိုင်ငံအပါအဝင် ၁၃ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာ လုမ္ဗိနီဖွံ့ဖြိုးရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း၊ လမ်းညွှန်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ တည်းခိုရန် နှစ်ထပ်တိုက်တစ်လုံး ဦးသန့်ကိုယ်တိုင် လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ထိုအချိန်အထိ တစ်ဦးချင်း အလှူဒါနများမှအပ ပြည်သူများ၏ အလှူအဖြစ် ဉာဏ်တော် ခြောက်ပေခန့် ကျောက်ဆင်းတုတစ်ဆူသာ ရှိသေးကြောင်း သိရှိရပါသည်။

ပထမဖွံ့ဖြိုးရေးအဖွဲ့

၁၉၈၅ ခုနှစ်တွင် (နတ်ရွာစံပြီး) ဘုရင် ဘီရင်ဒရာက ညီတော်ကို ဥက္ကဋ္ဌအဖြစ်ခန့်၍ ရှစ်ဦးပါ ဖွံ့ဖြိုးရေး အဖွဲ့ကို ဖွဲ့ပေးခဲ့သည်။ ၎င်းအဖွဲ့အနေဖြင့် သီရိလင်္ကာနိုင်ငံ အစိုးရအလှူ ၃၂ ခန်းပါ တည်းခိုရိပ်သာ၊ အိန္ဒိယနိုင်ငံ အလှူပြတိုက် အဆောက်အအုံတစ်ခု၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက လှူဒါန်းသည့် သုတေသနနှင့် စာကြည့်တိုက်တစ်ခုနှင့် ဂျပန်ဟုတ်ကီကလပ်မှ ၅၆ ခန်းပါ ကြယ်သုံးပွင့်ဟိုတယ်ကို ဆောက်လုပ်ခွင့်ပြုနိုင်ခဲ့ပါသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်အများစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ၍ စိတ်ဝင်စားမှု နည်းပါးပြီး တိုးတက်သင့်သလောက် တိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်း၊ အလွဲသုံးစားမှုများရှိ ကြောင်း စသည်ဖြင့် ထိုးနှက်ဝေဖန်ခြင်းခံရပါသည်။

ယခုပြင်ဆင်ဖွဲ့စည်းသည့် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့

၁၉၉၁ ခုနှစ် မေလတွင် နီပေါနိုင်ငံ၌ အစိုးရအဖွဲ့ အသစ်အပြောင်းအလဲဖြစ်ခဲ့ရာ လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ကို ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၂၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ရာထူးဌာနန္တအရ ပါဝင်သူ အခြားဘာသာဝင် ငါးဦးခန့်မှ လွဲ၍ ကျန်အဖွဲ့ဝင်အားလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး သာသနာထွန်းကားပြန့်ပွားရေးကို အလေးထားဆောင်ရွက်နိုင်မည့်သူများ ဖြစ်ကြပါသည်။ အဖွဲ့ ဖွဲ့စည်းပြီး တစ်နှစ်မပြည့်မီပင် အထူး တက်ကြွစိတ်ဝင်စားစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရပါသည်။

ထင်ရှားသည့် တိုးတက်မှုများမှာ ဂျပန်နိုင်ငံက အလှူငွေဒေါ်လာ တစ်သိန်း ငါးသောင်း၊ ထိုင်းနိုင်ငံမှ ဆရာတော်တစ်ပါးက စီမံကိန်းဧရိယာအတွင်း လျှပ်စစ်သွယ်တန်းရန်၊ စာသင်ကျောင်းဆောက်ပေးရန်၊ မြေတူးမြေညှိစက်များ လှူဒါန်းရန် ကမ်းလှမ်းခြင်း၊ ယိုကိုဟားမားမြို့တော်ဝန်က မီးသတ်ကားနှင့် လူနာတင်ယာဉ် လှူဒါန်းမှု၊ ဟိုတယ်ဆောက်ရန် ကမ်းလှမ်းမှုများပါဝင်ကြောင်း ကြားသိရပါသည်။

လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ (Lumbini Development Trust)၏ စီမံကိန်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ တစ်မိုင်ရှိပြီး ဖွားမြင်တော်မူရာနေရာပြ အသောကကျောက်တိုင်နှင့် မယ်တော်မာယာဒေဝီဗိမာန် ရှေးဟောင်း အဆောက်အအုံများရှိသော တစ်မိုင်ပတ်လည်ကို “မြင့်မြတ်သောဥယျာဉ်”၊ အလယ်တွင် တူးမြောင်းတစ်ခုတူးထားပြီး လက်ဝဲဘက်ကမ်းနှင့် လက်ျာဘက်ကမ်းတွင် ထေရဝါဒနှင့် မဟာယန ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ဆောက်လုပ်လှူဒါန်းရန်အတွက် တစ်မိုင်ပတ်လည်ရှိ “ဘုန်းတော်ကြီး ကျောင်းများဇုန်” သတ်မှတ်ပေးထားပါသည်။ ၎င်းဇုန်အတွင်း မီတာ ၁၈ဝ၊ ၁၂ဝ နှင့် ၆၀ ပတ် လည်မြေကွက်များ စုစုပေါင်း ၄၁ ကွက်ပါဝင်ပါသည်။ တစ်ဖက်အစွန်း တစ်မိုင်ပတ်လည်တွင် အပန်းဖြေ အနားယူရန်နှင့် ဟိုတယ်ဆိုင်ခန်းများ ဆောက်လုပ်ရန် “လုမ္ဗိနီရွာ” ဟု သတ်မှတ်ထားရှိပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment