Thursday, November 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၄

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့” ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲအခမ်းအနားကို ယနေ့ညပိုင်း တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ စာပေဟောပြောပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ စာပေပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဟောပြောပွဲခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက “စာဆိုတော်နေ့” ကို ဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် စာပေဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာနှင့် စာရေးဆရာကြီး မြင်းမူမောင်နိုင်မိုးတို့က အသီးသီးဟောပြောခဲ့ကြသည်။

စာပေဟောပြောမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ ဟောပြောခဲ့ကြသည့် စာရေးဆရာကြီး တက္ကသိုလ် မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာနှင့် စာရေးဆရာကြီး မြင်းမူမောင်နိုင်မိုးတို့အား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ထံသို့လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက စာရေးဆရာမကြီး မစန္ဒာ ထံသို့ လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက စာရေးဆရာကြီး မြင်းမူမောင်နိုင်မိုးထံသို့ လည်းကောင်း ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာနှင့် စာရေးဆရာကြီး မြင်းမူမောင်နိုင်မိုးတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment