Monday, November 7, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 


ရှေးဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသားရေး မျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူက ယုံကြည်အားထားသည့် အုပ်ချုပ်ရေးယန္တရားကောင်း ဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရဲဗလတံဆိပ်ချီးမြှင့်ခြင်းခံရသည့် လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ထွန်း၊ ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူး (ငြိမ်း) ဦးအောင်မြင့်ထွန်းနှင့် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) ဒေါ်ချောစုမာတို့အား ဂုဏ်ပြုတံဆိပ်များနှင့် ဂုဏ်ပြုစာလွှာ များကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်တွင်) ဖွင့်လှစ်ခဲ့သည့် အုပ်ချုပ်မှု စွမ်းရည်မြှင့်မားရေး သင်တန်းအမှတ်စဉ်(၃)တွင် သင်တန်းသူစံပြဆု၊ သေနတ်ပစ်ထူးချွန်ဆုများ ရရှိခဲ့သည့် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) ဒေါ်ဟန်ငြိမ်းစုအား လည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ဂုဏ်ပြုတံဆိပ်နှင့် ထူးချွန်ဆုရရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအံ့မော်က ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ပြီး ဌာနနှစ်ပတ်လည်နေ့ အတွက် ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်သီချင်းဖြင့် ပြန်လည်ဂုဏ်ပြုသီဆိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment