Saturday, November 26, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှု

 

နေပြည်တော် နိုဝင်ဘာ ၂၆


ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့တက်ရောက်အားပေးကြည့်ရှုကြသည်။









ဖွင့်ပွဲအခမ်းအနားသို့ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ ဝန်ကြီးဌာနများနှင့် ရုံးအဖွဲ့အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ညနေ ၆ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ကပွဲကျင်းပရာ လဟာပြင်ကဇာတ်ရုံသို့ ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပဒေသာကပွဲကို အစီအစဉ်အတိုင်းကျင်းပရာ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်းတို့က တာဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေး နေ့ဂုဏ်ပြုအစီအစဉ်” ၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီသုံးပန်လှ (အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်က “ဂီတဗိမာန်” သီချင်း၊ တေးသံရှင် သန်းမြတ်စိုးက “လုလင်ငယ်သွေး” သီချင်း၊ တေးသံရှင်ရွှေထိုက်က “ သီချင်းလေးအတိုင်း” သီချင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များ စုပေါင်းသီဆိုဂုဏ်ပြုသည့် လွတ်လပ်ရေးနေ့ဂုဏ်ပြုပဏာမတေးတစ်ပုဒ်ဖြစ်သော “စိန်ရတုတိုင်ခဲ့ပြီ” သီချင်း၊ တေးသံရှင် ထူးအယ်လင်းက “နေပါစေချစ်လို့နှင့် မင်း” သီချင်းများ၊ တေးသံရှင် ဇင်သူဇာထွန်းနှင့် ဇင်သူသူထွန်းတို့က “ဗွေးတုတ်” သီချင်း၊ တေးသံရှင်မင်းသားလေးက “တက္ကသိုလ်ကျောင်းသူတစ်ဦး” သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဒါရိုက်တာကိုသက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက “ပြန်လည်ဆုံတွေ့ကြရာဝယ်”  နှစ်သံတစ်ကိုယ်တင်ဆက်မှု၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်း အရုံးက လူရွှင်တော် Talent ပြိုင်ပွဲ၊ တေးသံရှင်ပူစူးက “နင်စေရင်” သီချင်း၊ တေးသံရှင်ဝိုင်းလမင်းအောင်က “တောင်လှေကားမြို့တော်” သီချင်း၊ အမေများအဖွဲ့နှင့် မမများအဖွဲ့က ဖျော်ဖြေတင်ဆက်သည့် “ရွှေစွန်ညိုတေးသရုပ်ဖော်” ကပြဖျော်ဖြေမှု၊ တေးသံရှင်ထားက “ သုံးရောင်ခြယ်” သီချင်း၊ တေးသံရှင် Lဆိုင်းဇီက “လာချင်လျှင်အနီးလေးနှင့် ဂုဏ်ယူအလွမ်း” သီချင်းများ၊ တေးသံရှင် ရွှေယမင်းဦးက “ထိုးကွင်းလေးနဲ့ခြင်းခတ်သူ” သီချင်း၊ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး)က ဖျော်ဖြေတင်ဆက်သည့် “ပျော်ရွှင်ခြင်းအိမ်” ပြဇာတ်၊ တေးသံရှင်မြန်မာပြည်သိန်းတန်နှင့် အဖွဲ့က ဖျော်ဖြေတင်ဆက်သည့် “ကောင်းသောည” တေးဂီတဖျော်ဖြေမှု၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်သည့် “မွန်ပြည်နယ်မှ စိုးသဘင် မင်းဗိုလ်ဇာတ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု၊ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က တာဝန်ယူတင်ဆက်သည့် “စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအနားသတ်အစီအစဉ်” တို့ဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ကြသည်။

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဒေသာကပွဲတွင် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။

ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်-၁၉ကပ်ရောဂါကြောင့် မွန်းကြပ်နေသည့်ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ်ကျင်းပသည့် အကြီးကျယ်ဆုံးပဒေသာကပွဲကြီး လည်းဖြစ်သည်။ အဆိုပါ ပဒေသာကပွဲတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်းသိရပြီး ပဒေသာကပွဲကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment