Saturday, November 5, 2022

(၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 

မန္တလေး နိုဝင်ဘာ ၄


၂၀၂၂ ခုနှစ် (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင် မြို့ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ် ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ကျောင်းသား ကျောင်းသူလေးများက “ပြင်ဦးလွင်မီးပုံးပျံပွဲတော်” သီချင်းဖြင့် ဖျော်ဖြေကပြတင်ဆက်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ်အလုံး ၁၀၀၀ လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ ဖွင့်ပွဲအထိမ်းအမှတ် စိန်နားပန်မီးပုံးပျံအား လွှတ်တင်သည်။

အဆိုပါ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဘုရားရင်ပြင်တော်၌ မသိုးသင်္ကန်းရက်ကန်းခတ် ပူဇော်ပွဲကျင်းပပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅ နာရီတွင် ဗုဒ္ဓမြတ်စွာဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ညနေပိုင်း၌ ဘုရားရင်ပြင်တော်၌ ဆီမီးကိုးထောင်ထွန်းညှိပူဇော်ခြင်း၊ ည ၇ နာရီမှစ၍ စိန်နားပန်မီးပုံးပျံများ၊ ညမီးကျည် မီးပုံးပျံများလွှတ်တင်ခြင်း၊ မွန်းလွဲ ၁ နာရီမှစ၍ နေ့အရုပ်လှမီပုံးပျံများလွှတ်တင်ခြင်းများ ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှစတင်ကာ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများကို မီးပုံးပျံကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းများကို ဆုများထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပွဲတော်လာပြည်သူများကို မန္တလေးမြို့ကျက်သရေဆောင် မြို့မတူရိယာအဖွဲ့နှင့် ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့များက ဧည့်ခံဖျော်ဖြေမည်ဖြစ်ပြီး အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများဝယ်ယူနိုင်ရန်အတွက်လည်း စားစရာအစုံအလင်နှင့် လူသုံးကုန်ပစ္စည်း မျိုးစုံပါသည့် ဆိုင်ခန်းများ၊ ကုမ္ပဏီအရောင်းပြခန်းများကိုပါ ဖွင့်လှစ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment