Sunday, November 20, 2022

ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု လက်မခံ ပြတ်သားစွာကန့်ကွက်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ‘ရိုဟင်ဂျာ ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေး အခြေအနေ ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်ခဲ့သည်။

နိုင်ငံအများပါဝင်သည့် အဆိုပါတတိယကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံက တရားဝင်ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခြင်းမရှိဘဲ တစ်ဖက်သတ် စွပ်စွဲချက်များအပေါ်အခြေခံပြီး နိုင်ငံရေးအရအားထုတ်မှုမှာ မည်သို့မျှလက်ခံနိုင်ဖွယ်မရှိပေ။ ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးတွင် သမာသမတ်ကျရေး၊ ဓမ္မဓိဋ္ဌာန်ကျရေးနှင့် ရွေးချယ်ပစ်မှတ်မထားရေးဟူသည့် မူဝါဒများကို သွေဖည်၍ နိုင်ငံတစ်နိုင်ငံတည်းအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ဦးတည်ဆောင်ရွက်သည့် ဖန်တီးထားသော ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များကို ထပ်တလဲလဲပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် လက်မခံဘဲ အစဉ်တစိုက်ကန့်ကွက်ပယ်ချခဲ့သည်။

မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်ဖြင့်အခြေအမြစ်မရှိသည့် တစ်ဖက်သတ် စွပ်စွဲချက်များသည် ယခုမှဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥရောပသမဂ္ဂ(EU) နှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ (OIC) တို့က ကမကထလုပ်ပြီး နှစ်စဉ်တင်သွင်းလေ့ရှိသော မရိုးနိုင်သည့် ရှည်လျားသော ထပ်တလဲလဲ စွပ်စွဲချက်များဖြစ်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များပါဝင်နေသည်။ ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် “IIMM” ဆိုသည့် ယန္တရားအကြား ဆွေးနွေးမှုပြုလုပ်ရန် ထပ်ဆောင်း အစီအစဉ်ဖန်တီးမှုသည် မြန်မာနိုင်ငံအပေါ် တိုးမြှင့်ဖိအားပေးသည့် လုပ်ဆောင်မှုဖြစ်သည်။

အမှန်တကယ်တွင် အဆိုပါဆုံးဖြတ်ချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်၏ နောက်ဆက်တွဲဖန်တီးထားသော ပြဿနာဖြစ်သည်။ ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များ၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေအနေမှန်များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားသည်။ လက်တွေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA (ခေါ်) Aqua Mul Mujahidin အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများနှင့် ကြိုတင်ကြံစည်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်းကာလတွင် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များသည် အသိုက်အဝန်းများအား နေရပ်မှစွန့်ခွာထွက်ပြေးရန် တွန်းအားပေးခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်ဖက်နိုင်ငံ ကော့ဇက်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက် သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုသို့သော အကြောင်းများသည် နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် တုံ့နှေးဝန်လေးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များနှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာ သွားသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ်လက်ခံရန်အသင့်ရှိပြီး လက်ခံနိုင်အောင်လည်း ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်သည်။ အခြားနိုင်ငံများနည်းတူ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ကိုက်ညီသူများကို နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ သို့သော် ဥပဒေအရလည်းကောင်း၊ သမိုင်းမှတ်တမ်းများအရလည်းကောင်း မည်သည့်အခါမျှမရှိခဲ့သော “ရိုဟင်ဂျာ ဆိုသည့်အသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံလိမ့်မည်မဟုတ်ချေ။

ရခိုင်ပြည်နယ်အရေးကိစ္စကို သေချာစွာလေ့လာကြည့်လျှင် နိုင်ငံအချို့က ဓနအင်အားနှင့် မီဒီယာအားကို အသုံးချ၍ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပျက်ပြားစေရန် ဖန်တီးနေခြင်းဖြစ်သည်။ ကုလသမဂ္ဂကို အသုံးချ၍ နိုင်ငံရေးအရ သွတ်သွင်းနေခြင်းသာဖြစ်သည်။ အကြမ်းဖက် အဖွဲ့များဖြစ်သည့် ARSA ၊ NUG နှင့် PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များကိုရှုတ်ချရန် ပျက်ကွက်ခဲ့ပြီး ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို မျက်ကွယ်ပြုထား သည်။ သို့ဖြစ်ရာ တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့်လက်တွေ့ကျမှုမရှိဘဲ အမုန်းတရားနှင့်ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေသည့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည့် ဆုံးဖြတ်ချက်အဆိုမှန်သမျှကို မြန်မာနိုင်ငံအနေဖြင့် လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပါကြောင်း။  

No comments:

Post a Comment