Sunday, November 6, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံး ပွဲတော်တစ်ခုဖြစ်သည့် ဒီပါဝလီ မီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၆



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီးဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံးပွဲတော်တစ်ခုဖြစ်သော ဒီပါဝလီမီးထွန်းပွဲတော် သို့ တက်ရောက်ချီးမြှင့်သည်။





အဆိုပါ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Listopadov Nikolai Alexandrovich၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ ဗဟိုအကျိုးတော်ဆောင်၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်ကြီးများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး တို့ဖြင့် ကပ်လှူပူဇော်သည်။ ထို့နောက် သျှရီမဟာလက်ချ်မီး မယ်တော်ကြီး ရုပ်ထုအား ဟိန္ဒူရိုးရာအစဉ်အလာနှင့်အညီ ပူဇော်ကြသည်။

ဆက်လက်ပြီး အခမ်းအနားအစီအစဉ်အရ ဟိန္ဒူရိုးရာအစဉ်အလာများနှင့်အညီ ပူဇော်ကန်တော့ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးတို့အား ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က ဟိန္ဒူရိုးရာထုံးတမ်းစဉ်လာများအရ ရိုးရာပန်းကုံးစွပ်၍ ပိုးပုဝါ ခြုံထည်ဖြင့် ဂုဏ်ပြုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး၊ ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်တို့က ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က ပွဲတော်ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာ ဒီပါဝလီ မီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်ကျင်းပရာ ကာလအနေအားဖြင့် မြန်မာ့ရိုးရာ ရာသီခွင်နှင့်အညီ သီတင်းကျွတ်လကွယ်နေ့ကို သတ်မှတ်ထားသည်ကို သိရှိရပါကြောင်း၊ ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ပွဲတော်ဖြစ်ပြီး ဘာသာရေး၊ ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်းဖြစ်သည်ကို သိရှိရပါကြောင်း၊ ဒီပါဝလီပွဲတော်သည် “ကဏှ” ဟုခေါ်သည့် မကောင်းမှုအင်အားစုကို “ကလျာဏ” ဟုခေါ်သည့် ကောင်းမှုအင်အားစုက အနိုင်ရပြီး “အဝိဇ္ဇာ” တည်းဟူသော အသိဉာဏ်ကင်းမဲ့မှုအမှောင်ထုကို ပယ်ခွင်း၍ “ဝိဇ္ဇာ” တည်းဟူသော အသိဉာဏ်အလင်းကို ဆောင်နိုင်ခြင်း၊ “အဓမ္မ”ဟူသည့် မှားယွင်းသည့်သဘော တရားများကို “ဓမ္မ” ဟူသည့် သစ္စာတရားက အနိုင်ယူလိုက်ခြင်းတို့၏ အထိမ်းအမှတ် ဖြစ်သည်ကို သိရှိရပါကြောင်း။

ထို့အပြင် ဒီပါဝလီဟူသည့် စကားလုံး အသုံးအနှုန်းသည် “ဒီပ” နှင့် “အာဝလိ” ဟူသော ပါဠိဘာသာစကားနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ဆီမီးအလင်းရောင်များတန်းစီလျက် အဆန်းတကျယ် အသွယ်သွယ် စီချယ်ထွန်းညှိ ပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ကို လေ့လာမှတ်သားရပါကြောင်း၊ ဒီပါဝလီပွဲတော်၏ နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏဟုခေါ်သည့် ဒဿဂီရိ မင်းအား နှိမ်နှင်းပြီးနောက် စစ်ပွဲမှန်သမျှ မည်သည့်အခါမှ အရှုံးမရှိသည့် အယုဒ္ဓယ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသည့် အချိန်အခါသမယသည် သီတင်းကျွတ်လကွယ် မှောင်မိုက်နေသော ညအချိန်အခါဖြစ်၍ ဆီမီးများထွန်းညှိကာ ရာမမင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆိုပူဇော်ကြရာမှ ဒီပါဝလီပွဲတော်ကို စတင်ခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း။

သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလအတွင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ မီးထွန်းပွဲတော်နှင့် ဟိန္ဒူဘာသာဝင်တို့၏ နက္ခတ်သဘင် ဆီးမီးထွန်းညှိပူဇော်မှု အစဉ်အလာများသည် အဖြစ်အပျက်အကြောင်းခံ ရည်ရွယ်ချက် မတူညီကြသော်လည်း ဆီမီးထွန်းပွဲတော်ကျင်းပမှု တူညီနေသည်ကို တွေ့ရှိနိုင်ပါကြောင်း။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ-၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများ” ဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် ပုဒ်မ-၃၆၃ တွင်လည်း “နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်”ဟုလည်း ထပ်မံပြဋ္ဌာန်းထားပါကြောင်း။

ထို့ကြောင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဓိကဘာသာကြီး လေးဘာသာရှိသည့်အနက် ဘာသာအသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးအပ်လျက် ရှိသကဲ့သို့ ဆိုင်ရာဆိုင်ရာ အခမ်းအနားများကိုလည်း နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများက တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ပတ်သက်ပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ကြပါကြောင်း၊ ဟိန္ဒူဘာသာသာသနာ အပါအဝင် အခြားဘာသာကြီးများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အတွက် ဘာသာဝင်တိုင်း သည် မိမိတို့ကိုးကွယ်ရာ ဘာသာတရားအလျောက် ကျင်းပကြသည့် ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိ ကျင်းပပြုလုပ်နိုင်ခြင်းသည် ကောင်းမြတ်သည့် အစဉ်အလာဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ဘာသာကြီးလေးခုမှ စိတ်သဘောထားတူညီသူများ စုစည်းကြပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် အမြုတေအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအတွက် အခြေခံမူလေးချက်ဖြစ်သည့် ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး၊ ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ကြရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့် ကောင်းမြတ်သည့် အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေကြသည်ဟု သိရှိရပါကြောင်း၊ ဟိန္ဒူဘာသာဝင်များအနေဖြင့် အဆိုပါ ကောင်းမြတ်သည့် အခြေခံမူများနှင့်အညီ ဘာသာကြီးလေးခု၏ ချစ်ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီး ဆက်လက် အကောင်အထည်ဖော်ကြစေလိုကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အချင်းချင်း၊ လူမျိုးအချင်းချင်း မတူကွဲပြားသည့် ဘာသာဝင်များ အချင်းချင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား အဆုံးအမများကို ခံယူကြလျက် အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး မိမိတို့အမိနိုင်ငံတော်ကြီး၏ အကျိုးစီးပွားကို ထမ်းဆောင်နိုင်ကြပါစေကြောင်း။

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ကာလ ဆီမီးထွန်းညှိပူဇော်ခြင်းကို အခြေခံပြီး လူသားအချင်းချင်း အပြန်အလှန်ချစ်ခင် ရင်းနှီးခြင်း မေတ္တာတရား၊ အပြန်အလှန် သည်းခံခွင့်လွှတ်ခြင်း အဟိံသတရား၊ သနားကြင်နာခြင်း ကရုဏာတရား စသည့် ဓမ္မ အလင်းတန်းများ ဖြန့်ကျက်ဝေဖြာနိုင်ပါစေကြောင်း၊ ဘာသာဝင်အသီးသီး၊ ဘာသာဝင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး မေတ္တာအလင်းရောင် လင်းလက်ကူးယှက်ကြပြီး မိမိတို့မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုကြလျက် ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပါဝင်၍ စည်းလုံးညီညာစွာ ကြီးပွားရာကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်းတို့ကို သစ္စာရှိရှိ တာဝန်သိသိဖြင့် တိုးမြှင့်ထမ်းဆောင်နိုင်ကြပါစေကြောင်းဖြင့် ဆန္ဒပြု ဆုမွန်ကောင်းစကား ပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးတို့က အမှတ်တရစကား ပြောကြားရာတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ယခုကဲ့သို့ ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော်သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ ကိုယ်တိုင်လာရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုများ အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အချင်းချင်း ကောင်းမွန်သည့် ဆက်ဆံရေးများရှိကြကာ ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးက ဒီပါဝလီပွဲတော်သည် ဟိန္ဒူလူမျိုးများအတွက် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ တက်ရောက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ ဘာသာဝင်များအားလုံး ငြိမ်းငြိမ်းချမ်းချမ်းရှိကြရန် မေတ္တာပို့သပါကြောင်း၊ ပွဲတော်အထိမ်းအမှတ် ဂုဏ်ပြုသည့်စကားအနေဖြင့် “ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ” ဟု ပြောကြားလိုကြောင်းနှင့် ကြွရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါ စေကြောင်းဖြင့် လည်းကောင်း မြန်မာဘာသာစကားဖြင့် ပြောကြားသည်။ ထို့နောက် ပွဲတော်ကျင်းပရေး ကော်မတီမှ သန္ဒဒန ဓမ္မပါလအဖွဲ့ချုပ် သာသနာပြုဆရာတော် ဒေါက်တာ လှထွန်းက ဟိန္ဒူဘာသာရေးဆိုင်ရာ များအား ရှင်းလင်းပြောကြားပြီး ဘာသာပေါင်းစုံအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြကာ အားလုံးကျန်းမာချမ်းသာကြစေရန် ဆုမွန်ကောင်းစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment